Tuesday, September 13, 2022

ကုလသမဂ္ဂကိုတောင်းဆိုတဲ့သပိတ်လှုပ်ရှားမှုမှာ ပစ်ခတ်ဖမ်းဆီးခံရသူတွေထဲ CTUM အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၅ ဦးလည်းပါဝင်

ရန်ကုန်မြို့၊ ကြည်မြင်တိုင်မြို့နယ်၊ ပန်းပင်နီလမ်း(ပန်းပင်ကြီးလမ်း)မှာ စက်တင်ဘာ ၁၃ ရက်က ဆန္ဒပြတောင်းဆိုမှုတွေပြုလုပ်ချိန်အတွင်းမှာဘဲ ပစ်ခတ်ဖြိုခွင်းကာ ဖမ်းဆီးခံရသူတွေထဲ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM အဖွဲ့က အလုပ်သမား သမဂ္ဂတွေလည်းပါဝင်တယ်လို့ အဖွဲ့က ထုတ်ပြန်လာပါတယ်။
သပိတ်စစ်ကြောင်းမှာပစ်ခတ်ဖမ်းဆီးခံရသူတွေဟာ မြန်မာနိုင်ငံဆောက်လုပ်ရေးနှင့်သစ်လုပ်ငန်း အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကုန်ထုတ်နဲ့စက်မှုလက်မှုအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် - IWFM က အလုပ်သမားသမဂ္ဂက အဖွဲ့ဝင်တွေဖြစ်တယ်လို့ CTUM ကဖမ်းဆီးခံရသူတွေရဲ့ နာမည်တွေနဲ့ တကွ ဒီကနေ့ စက်တင်ဘာ ၁၄ မှာထုတ်ပြန်ကြေညာလာပါတယ်။
မနေ့ညနေပိုင်းက စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ တော်လှန်ရေးအင်အားစုက လူငယ်တွေဟာ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းကို တရားဝင်ဆက်လက်အသိအမှတ်ပြုဖို့ ကုလသမဂ္ဂကိုတောင်းဆိုတဲ့သပိတ်လှုပ်ရှားမှုပြုလုပ်နေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အိမ်စီးကားတွေ၊ အရပ်ဝတ်တွေနဲ့ သပိတ်ကိုပစ်ခတ်ဖြိုခွင်းခဲ့တဲ့ အကြောင်း သပိတ်မှာပါဝင်သူတွေကပြောဆိုထားပါတယ်။
ဖမ်းဆီးချိန်မှာ အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သတင်းကြိုရတာကြောင့် စောင့်ဆိုးနေကြတဲ့ အခြေအနေဖြစ်ပြီး ရိုက်နှက်ပစ်ခတ်ဖမ်းဆီးတာတွေရှိခဲ့တဲ့အကြောင်း မျက်မြင်တွေ့သူတွေကပြောဆိုထားသလို ဖမ်းဆီးခံရသူတွေရဲ့ အသက်အန္တရာယ်ကိုစိုးရိမ်နေကြကြောင်းပြောဆိုကြပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ သပိတ်အဖွဲ့ဝင်လူငယ်တွေနဲ့ အတူ အသက်အပြည့်သေးတဲ့ လူငယ်တွေအပါအဝင် သတင်းမီဒီယာသမားတချို့နဲ့ စုစုပေါင်း ၁၅ ယောက် ကျော်ဖမ်းဆီးခံရလိုက်ရတာဖြစ်တယ်လို့လည်းသက်ဆိုင်ရာသပိတ်အဖွဲ့ဝင်တွေကထုတ်ပြန်ထားကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာ ၅ရက်ကလည်း ရန်ကုန်မြို့၊ ပန်းပင်ကြီးလမ်းမှာ ဆန္ဒပြလူငယ်တွေ ကို စစ်ကောင်စီတပ်တွေက ကားနဲ့တိုက်ဖြိုခွင်းခဲ့လို့ သပိတ်မှာပါဝင်တဲ့လူငယ်နဲ့ သတင်းထောက်တချို့ အဖမ်းခံခဲ့ရပြီး ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ကြပါတယ်။
မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ကလည်း သပိတ်အဖွဲ့ဝင်တွေကို ရိုက်နှက်ဖမ်းဆီးမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ပစ်ခတ်ဖမ်းဆီးမှုအတွက် အရေးယူနိုင်ဖို့ဆက်လက်လုပ်ဆောင်မယ်လို့ ထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံ- AFP/ GETTY IMAGES
ပုံစာ-၂၀၂၁၊ ဒီဇင်ဘာလက ကြည့်မြင်တိုင်ပန်းပင်ကြီးလမ်းသပိတ်ဖြိုခွင်းမှုအပြီးတွေ့ရတဲ့ ဓါတ်ပုံ
ဘီဘီစီမြန်မာပိုင်း

0 comments:

Post a Comment