Wednesday, September 7, 2022

ရုရှားသမ္မတပူတင်ကို ကမ္ဘာ့ခေါင်းဆောင်ကြီးဟု မင်းအောင်လှိုင် ပြော

ရုရှားနိုင်ငံတွင် ကျင်းပနေသော စီးပွားရေးဖိုရမ်အတွင်း သမ္မတပူတင်နှင့်(စက်တင်ဘာ ၇) တွေ့ဆုံစဉ် ကမ္ဘာ့ခေါင်းဆောင်ကြီးဖြစ်သည်ဟု အာဏာသိမ်းခေါင်းဆောင်က မင်းအောင်လှိုင်က မြှောက်ပင့်ပြောဆိုလိုက်သည်။
ရုရှားနိုင်ငံအနေဖြင့် လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကတည်းက ခက်ခဲသောအချိန်ကာလကို ဖြတ်သန်း နေခဲ့ရပြီး ရုရှားသမ္မတသည် နိုင်ငံတကာအခင်းအကျင်းတွင် တည်ငြိမ်မှုရှိအောင် ဖန်တီးပေးနေသူ ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်ဟု ရုရှားနိုင်ငံပိုင် သတင်းဌာန TASS က ရေးသားသည်။
“ရုရှားနိုင်ငံခေါင်းဆောင် အဖြစ်သာမက ကမ္ဘာ့ခေါင်းဆောင်ကြီးလည်းဖြစ်ပါတယ်။ အကြောင်းက တော့ တစ်ကမ္ဘာလုံးမှာ တည်ငြိမ်မှုရှိအောင် ထိန်းချုပ်နေတာဖြစ်တဲ့အတွက်ပါ” ဟု ရုရှားသမ္မတ တွေ့စဉ် မင်းအောင်လှိုင်က ပြောသည်။
စီးပွားရေးဖိုရမ်အတွင်း သီးသန့်တွေ့ဆုံရာတွင် မင်းအောင်လှိုင်က လက်အုပ်ချီထွက်လာကာ သမ္မတပူတင်ကို အားရဝမ်းသာလက်ဆွဲနှုတ် ဆက်သည်ကို ရုပ်သံဖိုင်တွင် တွေ့ရသည်။
ရုရှားနိုင်ငံသို့ ၁၀ ကြိမ်ထက်မနည်း ရှောက်ရှိပြီးဖြစ်သော မြန်မာစစ်ခေါင်းဆောင်အနေဖြင့် သမ္မတ ပူတင်ကို ပထမဆုံးအကြိမ်တွေ့ဆုံခွင့်ရခြင်းဖြစ်သည်။ မင်းအောင်လှိုင်အနေဖြင့် အာဏာသိမ်းပြီး နောက်ပိုင်း ရုရှားသို့ သုံးကြိမ်မြောက်ရောက်ရှိနေခြင်းဖြစ်သည်။
နှစ်နိုင်ငံဆက်ဆံရေး အကောင်းဘက်မှတိုးတက်နေကြောင်း၊ ခြောက်လတာအတွင်း နှစ်နိုင်ငံကုန်သွယ်မှု နှစ်ဆကျော် တိုးတက်လာသည်ဟု မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် ရုရှားသမ္မတပူတင်က ပြောသည်ဟု TASS က ရေးသားသည်။
ယခုလ ၅ ရက်မှ ၈ ရက်နေ့အထိ ရုရှားတွင် ကျင်းပနေသော စီးပွားရေးဖိုရိမ်တွင် နိုင်ငံတကာမှ အထင်ကရ ခေါင်းဆောင်များတက်ရောက်ခြင်း မရှိပေ။ ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်မှု ကြောင့် ရုရှားနိုင်ငံကို အနောက်အင်အားကြီးနိုင်ငံများက ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားပြီး သမ္မတပူတင်သည်လည်း ပြင်းထန်စွာ ဝေဖန်ပြစ်တင်ခံထားရသည်။

Myanmar Now

0 comments:

Post a Comment