Thursday, September 1, 2022

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦး၀င်းမြင့်ကို ထောင် ၃ နှစ် စစ်ကောင်စီထပ်မံချမှတ်

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦး၀င်းမြင့်နဲ့ ပြည်ထောင်စု၀န်ကြီးဟောင်း ဦးမင်းသူတို့သုံးဦးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) နဲ့စွဲဆိုထားတဲ့အမှုကို ဒီနေ့ စက်တင်ဘာ ၂ ရက်မှာ အမိန့်ချမှတ်လိုက်ပါတယ်။
ဒီရုံးချိန်းကို ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် သုံးဦးလုံးတက်ရောက်ခဲ့ပြီး သုံးဦးလုံးကို အလုပ်နဲ့ထောင်သုံးနှစ် စီချမှတ်ခဲ့တာဖြစ်ပြီး ချုပ်ရက်တွေကိုထုတ်နုတ်ခံစားခွင့်မပြုပါဘူးလို့ တရားရုံးနဲ့နီးစပ်သူက ပြောပါတယ်။
ဒီအမှုစွဲချက်နဲ့ပတ်သက်လို့ အပြစ်မရှိကြောင်းနဲ့ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး အဖွဲ့တွေကို ဌာနဆိုင်ရာတာ၀န်ရှိသူတွေပါ ပါ၀င်တဲ့အဖွဲ့တွေကို ဥပဒေနဲ့အညီသာဖွဲ့စည်းခဲ့တာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရော သမ္မတ ဦး၀င်းမြင့်တို့ကပါ ထွက်ဆိုထားခဲ့ပြီးဖြစ်ပါတယ်။
အခုဆို ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ချမှတ်ထားတဲ့ ထောင်ဒဏ်ပေါင်း နှစ် ၂၀ ထိ ရှိလာပြီဖြစ်ပြီး သမ္မတ ဦး၀င်းမြင့်ကတော့ စုစုပေါင်း ထောင်ဒဏ် ၅ နှစ်အထိ ရှိလာပြီဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၀ မှုနဲ့ ထောင်ဒဏ် ၁၇ နှစ် ချမှတ်ထားပြီးဖြစ်တာကြောင့် အခု ရွေးကောက်ပွဲအမှုနဲ့ဆိုရင် ထောင်ဒဏ်စုစုပေါင်းက နှစ် ၂၀ အထိ ရှိလာတာပါ။
သမ္မတ ဦး၀င်းမြင့်ကတော့ မတည်မငြိမ်ဖြစ်စေရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) နဲ့ နှစ်နှစ်၊ သဘာ၀ဘေးစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ ထောင် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် လေးနှစ်ချမှတ်ခံထားရပြီး အဲဒီထဲက ထောင် ၂ နှစ်ကို စစ်ကောင်စီက လျှော့ပေါ့ပေးထားလို့ အခု ရွေးကောက်ပွဲအမှုနဲ့ဆိုရင် ထောင်ဒဏ် စုစုပေါင်း ၅ နှစ်အထိ ရှိလာပြီဖြစ်ပါတယ်။
သမ္မတ ဦး၀င်းမြင့်ကတော့ ရဟတ်ယာဥ်၀ယ်ယူမှုနဲ့ပတ်သက်ပြီးဒေါ်အောင်ဆန်းစုကြည်နဲ့အတူအဂတိမှု ငါးမှုကို အတူတရားစွဲဆိုခံထားရတာဖြစ်ပါတယ်။

BBC

0 comments:

Post a Comment