Thursday, September 1, 2022

NUG အစိုးရက ခြံအမှတ် ၅၄ - ၅၆ ကို ယဉ်ကျေးမှုအမွေအနှစ်ဖြစ် သတ်မှတ် တနည်းနည်းဖြင့် အသုံးချပါက ဥပဒေအရ အရေးယူခံရမည်ဟုဆို

 

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ရန်ကုန်၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်သည့် ခြံအမှတ် ၅၄နှင့် ခြံအမှတ် ၅၆ ကို အမျိုးသားအဆင့်ယဉ်ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ်လိုက်ပြီး တခြားနည်းဖြင့် အသုံးချပါက အရေးယူခံရမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် အမှတ်(၅၄-၅၆)၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံဝန်းဧရိယာ (၁.၉၂၃) ဧကနှင့် ယင်းမြေဧရိယာ (၁.၉၂၃) ဧကပေါ်တွင်ရှိသော ရွေ့ပြောင်း၍ မရသည့် အဆောက်အအုံ အားလုံးအား ကြားကာလ၏ အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်ဟု NUG က ဆိုသည်။
အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့မှ ထုတ်ပြန်ထားသော ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ စံနှုန်းသတ်မှတ်ချက် အမှတ်စဉ် ၅၊ ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (၂၀၁၉) ပါ ဥပဒေပုဒ်မ၂(က)၊ (ခ) တို့နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားသော ယင်းမြေနှင့် အဆောက်အအုံနေရာအား မည်သူမဆို ပိုင်ဆိုင်ခြင်း၊ ပိုင်ဆိုင်ရန်ကြိုးစားခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန်ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန်ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း၊ အခြားနည်း အသုံးချခြင်းများအား တင်းကြပ်စွာတားမြစ်ထားသည်။
တားမြစ်ချက်များအပေါ် ဖောက်ဖျက်ကျူးလွန်ပါက ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (၂၀၁၉)၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ (၁၉၈၇) တို့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့နှင့်အညီ အရေးယူ ဆောင်ရွက်သွားမည့်အပြင် အဆိုပါ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းအား အမည်မည်းစာရင်း (Black List) ထည့်သွင်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ထိုခြံနံပါတ် ၅၄ သည် ဒေါ်အောင်ဆန်းစုကြည်နှင့် အကိုအရင်းဖြစ်သူ ဦးအောင်ဆန်းဦးတို့အကြား ကာလကြာ အမွေမှုဖြစ်ပွားခဲ့သည့်ခြံဖြစ်သည်။
ပြည်ထောင်စုတရားလွှတ်တော်က ထိုခြံနှင့်ပတ်သက်ပြီးတင်ပြခဲ့သည့် ဦးအောင်ဆန်းဦး အယူခံကို ပြီးခဲ့သည့်လက အနိုင်ပေးခဲ့သည်။
Burma Associated Press

0 comments:

Post a Comment