Wednesday, September 7, 2022

ကမ္ဘာ့ငွေကြေးပြစ်မှု စောင့်ကြည့်ရေးအဖွဲ့၏ အမည်ပျက်စာရင်းသွင်းခြင်း ခံရဖွယ်ရှိသည့် မြန်မာ

ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့မှု တားဆီးရေးကို ဆောင်ရွက်ရန် ပျက်ကွက်သည့်အတွက် မြန်မာနိုင်ငံသည် ကမ္ဘာ့ငွေကြေးစောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့၏ အမည်ပျက်စာရင်း သွင်းခြင်းကို ခံရဖွယ်ရှိနေပြီး ထိုသို့အမည်ပျက်စာရင်း သွင်းခံရပါက စစ်ကောင်စီ၏ စီးပွားရေးလုပ်ဆောင်နိုင်စွမ်းအပေါ် ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်လာပေလိမ့်မည်။
အစိုးရများဖြင့် ဖွဲ့စည်းထားသော ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့(FATF) ၏ အဖွဲ့ဝင်များသည် လာမည့်လ၌ ပါရီတွင်ကျင်းပမည့် ဆွေးနွေးပွဲများအတွင်း ၎င်းဆုံးဖြတ်ချက်ကို အတည်ပြုရန်မျှော်လင့်ရသည်ဟု မြန်မာကို အမည်ပျက်စာရင်း သွင်းမည့်ကိစ္စနှင့် စပ်လျဉ်း၍ အနောက်တိုင်းနှင့် အာရှဒေသအစိုးရအရာရှိ ၄ ဦးက ပြောဆိုသည်။
ပါရီအခြေစိုက် FATF ကို ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုများတွင် ငွေကြေးထောက်ပံ့မှုနှင့် ကမ္ဘာ့ငွေကြေးစနစ်အတွက် အလားတူခြိမ်းခြောက်မှုများကို တိုက်ဖျက်ရန် ရည်ရွယ်ချက်ဖြင့် စီးပွားရေး အဖွံ့ဖြိုးဆုံး ဂျီ-၇ နိုင်ငံများက ၁၉၈၉ ခုနှစ်တွင် တည်ထောင်ဖွဲ့စည်းခဲ့သည်။ လက်ရှိအချိန်အထိ FATF က အမည်ပျက်စာရင်းသွင်းခဲ့သည့် နိုင်ငံနှစ်နိုင်ငံသာရှိပြီး ၎င်းတို့မှာ မြောက်ကိုရီးယားနှင့် အီရန်တို့ ဖြစ်သည်။
ဤသို့ အမည်ပျက်စာရင်းသွင်းမှုသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်စွမ်း သို့မဟုတ် ထိန်းထားနိုင်စွမ်း အကန့်အသတ်ဖြစ်နေသည့် ဗိုလ်ချုပ်ကြီးများအတွက် နောက်ထပ်ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေလိမ့်မည် ဖြစ်သည်။
“ကျေနပ်လောက်ဖွယ် တိုးတက်မှုတွေမရှိတဲ့အတွက် ဒီလုပ်ငန်းစဉ်ကို ကြီးကြပ်တဲ့ FATF ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သုံးသပ်ရေးအဖွဲ့က လာမဲ့အောက်တိုဘာလ အစည်းအဝေးမှာ (မြန်မာကို) အမည်ပျက်စာရင်းသွင်းဖို့ ထောက်ခံတင်ပြဖွယ်ရှိပါတယ်။
စစ်ကောင်စီက တိုးတက်မှု ပြသနိုင်ခြင်းမရှိတဲ့အတွက် စုံညီအဖွဲ့အနေနဲ့ မြန်မာကို အမည်ပျက်စာရင်းမသွင်းရေး ဆုံးဖြတ်ဖို့ ခက်ခဲပါလိမ့်မယ်” ဟု FATFနှင့် နီးစပ်သော အာရှသံတမန်တစ်ဦးက ပြောဆိုသည်။
“အာဆီယံအဖွဲ့အပေါ် စစ်ကောင်စီ၏ မကြာသေးမီက သဘောထားကြောင့် မြန်မာကို အမည်ပျက် စာရင်းသွင်းဖို့ အများရဲ့သဘောတူညီမှု ရယူတဲ့အခါ (လက်ရှိ) FATF ဥက္ကဋ္ဌဖြစ်တဲ့ စင်္ကာပူနိုင်ငံက ကန့်ကွက်မယ်လို့ ကျွန်တော်မထင်ပါဘူး” ဟု ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အများသဘောတူညီမှု လိုအပ်ကြောင်း၊ အများသဘောတူညီမှုကို ပယ်ချရန် အနည်းဆုံး အဖွဲ့ဝင် ၃ ဦး၏ မဲလိုအပ်ကြောင်း ဖြည့်စွက်လျက် ၎င်းကဆက်လက်ပြောကြားသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်ပအရင်းအနှီးများ အစုလိုက်အပြုံလိုက် စွန့်ခွာသွားသည့် ယခုလိုအချိန်မျိုး၌ အမည်ပျက် စာရင်းသွင်းခံရပါက စစ်ကောင်စီအပေါ် အများယုံကြည်လက်ခံမှုနှင့် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နေမှုအပေါ် ပြင်းထန်သည့် ထိုးနှက်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။
အရေးကြီးဆုံးအချက်မှာ ထိုသတ်မှတ်ချက်ကြောင့် မြန်မာဘဏ်များ၊ ငွေကြေးအဖွဲ့များနှင့် နိုင်ငံတကာ ငွေကြေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ များမြောင်ရှုပ်ထွေးလှသည့် အစီရင်ခံတင်ပြမှုများ လိုအပ်လာခြင်းပင် ဖြစ်သည်။
ယခုနှစ်အတွင်း မြန်မာကျပ်ငွေသည် ဒေါ်လာနှင့်လဲလှယ်နှုန်းတွင် ၆၀% အထိ တန်ဖိုးကျဆင်းကာ စံချိန်သစ်များ တင်ခဲ့ပြီး ဆက်လက်၍လည်း ကျဆင်းနေဖွယ်ရှိသည်။ ၂၀၂၁ နှစ်အတွင်း စီးဝင်လာသည့် ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏမှာလည်း တိုင်းပြည်ကိုတံခါးဖွင့်ခဲ့သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်းအနိမ့်ဆုံး ပမာဏသို့ကျဆင်းသွားခဲ့သည်။
ဆက်လက်ဖြစ်ပွားနေဆဲ နိုင်ငံရေးအကြပ်အတည်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ဂုဏ်သရေရှိသူများအပေါ် စစ်ကောင်စီ၏ ရန်လိုမှု၊ ဆိုးဝါးသည့် ဓာတ်အားပြတ်တောက်မှုနှင့် နိုင်ငံခြားငွေကို မြန်မာကျပ်ငွေသို့ အတင်းအကြပ်လဲစေသည့် မူဝါဒချမှတ်ကျင့်သုံးမှုတို့က တိုင်းပြည်၏ ဖြစ်ထွန်းစ စီးပွားရေးအအတွက် အလွန်အရေးကြီးသော ရင်းနှီးမြှုပ်နှံမှုများကို ခြောက်လှန့်မောင်းထုတ်နေခဲ့သည်။
မြန်မာ့ဂျီဒီပီသည် ၂၀၂၁ခုနှစ်၌ ၂၀ရာခိုင်နှုန်းနီးပါး ကျုံ့ဝင်သွားပြီးနောက် ယခုနှစ်တွင် တုံ့ဆိုင်းရပ်တန့်နေလိမ့်မည်ဟု ကမ္ဘာ့ဘဏ်ကမျှော်မှန်းထားသလို ယမန်နှစ်က မြန်မာနိုင်ငံ၌ အလုပ်အကိုင် ၁.၆ သန်းဆုံးရှုံးခဲ့ရသည်ဟု အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့က ခန့်မှန်းထားသည်။
“FATF က မြန်မာကို အမည်ပျက်စာရင်းသွင်းလိုက်ရင် တိုင်းပြည်ဟာ မြောက်ကိုရီးယား၊ အီရန်တို့နဲ့အတူ လူနည်းစုစာရင်းထဲ ပါဝင်သွားမှာဖြစ်ပြီး ပြည်ပငွေကြေးအဖွဲ့တွေအနေနဲ့ အန္တရာယ်မရှိအောင် စီစစ်ဖယ်ရှားရေးကို ထပ်ဆောင်းပြုလုပ်လာရမှာ ဖြစ်တဲ့အတွက် နယ်စပ်ဖြတ်ကျော် လုပ်ငန်းဆောင်တာတွေမှာ အခက်အခဲတွေ၊ ကုန်ကျစရိတ်တွေ ပိုမိုများပြားလာမှာဖြစ်ပါတယ်” ဟု စင်္ကာပူအခြေစိုက် ISEAS-Yusof Ishak Institute ပညာရှင်အဖွဲ့မှ တွဲဖက်အဖွဲ့ဝင်ဖြစ်သူ Romain Caillaud ကပြောသည်။
"ဒီဆောင်ရွက်ချက်ဟာ မြန်မာကို ပိုမိုအထီးကျန်စေအောင် အပြစ်ပေးတာလည်း ဖြစ်ပြီး ပိုမိုကျယ်ပြန့်တဲ့ လူထုထက် စစ်အုပ်စုကို ဘယ်လောက်အထိ ထိခိုက်စေကာ သူတို့ရဲ့ နိုင်ငံရေးလမ်းပြမြေပုံကို ပြောင်းလဲလာစေနိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းက NIKKEI ASIA သတင်းဌာနကို ပြောဆိုသည်။
ရန်ကုန်ရှိ ကုမ္ပဏီအမှုဆောင်အရာရှိများ၏ အဆိုအရ ထိုသို့အမည်ပျက်စာရင်း သွင်းခံရပါက အပြည်ပြည်ဆိုင်ရာ ငွေကြေးလုပ်ငန်းများအတွက် ဘဏ်စာရင်း ဖွင့်လှစ်ထိန်းသိမ်းခြင်း ၊ငွေကြေးဝန်ဆောင်မှုများ ရယူခြင်းအတွက် ပိုမိုခက်ခဲလာလိမ့်မည် ဟုသိရှိရသည်။
FATF က အမည်ပျက်စာရင်းသွင်းထားသော နိုင်ငံတစ်နိုင်ငံအတွက် “ပြစ်မှုမကျူးလွန်စေအောင် တိုးမြှင့်စိစစ်မှုများ” ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်ပြီး ထပ်ဆောင်းစာရွက်စာတမ်းများ တင်ပြမည့်အစား ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းအများစုသည် မြန်မာနှင့် ချိတ်ဆက်ထားသော ဝန်ဆောင်မှုငွေစာရင်းများကို ရှောင်ရှားလာဖွယ်ရှိသည်ဟု ၎င်းတို့ကသတိပေးသည်။
“အမည်ပျက်စာရင်းသွင်းခံရဖို့ အလားအလာများတယ်။ တကယ် ဖြစ်နိုင်ချေရှိနေတယ်။ ဒါ အလွန် အရေးကြီးပါတယ်” ဟု မြန်မာနိုင်ငံနှင့် ပတ်သက်နေသော ဥရောပသံတမန်တစ်ဦးကဆိုသည်။ တိုးတက်မှုအစီရင်ခံစာကို စစ်ကောင်စီက FATF ထံသို့ ဇူလိုင်လက တင်ပြခဲ့ပြီး စောင့်ကြည့်ရေးအဖွဲ့က ဩဂုတ်လအတွင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းကထောက်ပြသည်။
"မြန်မာနိုင်ငံတော်ဗဟိုဘဏ်နဲ့ အဲဒီဌာနကိုလည်ပတ်ဖို့ ပို့လိုက်တဲ့သူတွေကို ကြည့်ပါ။ သူတို့က ရေတပ်က သူတွေပဲ။ ဌာနတွင်း စာရင်းစစ်တာမျိုးတောင် သူတို့မလုပ်တတ်ဘူး။ ဒါမှမဟုတ် နအဖ လုပ်သလောက်တောင် မလုပ်နိုင်ဘူး။ ဘာတွေဖြစ်နေတယ်ဆိုတာ သူတို့နကန်းတစ်လုံးမှ သိမှာ မဟုတ်ဘူး” ဟု တိုင်းပြည် ကို ၂၀၁၁ ခုနှစ်အထိ အုပ်ချုပ်ခဲ့သော ယခင်စစ်အစိုးရဖြစ်သည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(နအဖ)ကို ရည်ညွှန်းလျက် ၎င်းသံတမန်က ပြောဆိုသည်။
နိုင်ငံခြားငွေရင်းများမှာ ပြည်ပသို့ ပြန်လည်စီးထွက်နေပြီးဖြစ်သဖြင့် အမည်ပျက်စာရင်းသွင်းခြင်းကြောင့် ထိခိုက်မှုမှာ အကန့်အသတ်ရှိမည် ဖြစ်သော်လည်း နိုင်ငံခြားအရန်ငွေကြေးပမာဏ နည်းပါးနေသည်ဟု အများစုက ယူဆထားသည့် ယခုလိုအချိန်၌ အနည်းငယ်မျှသော စီးထွက်မှုပမာဏသည်ပင် စစ်ကောင်စီကို အကြပ်ရိုက်သွားစေနိုင်သည်။ ကျပ်ငွေတန်ဖိုးထိုးကျနေခြင်းက ငွေကြေးဖောင်းပွမှုကို သံသရာရှည်စေပြီး ဗိုလ်ချုပ်ကြီးများအပေါ် စီးပွားရေး ယုံကြည်ကိုးစားမှုများ ပိုမိုပျက်ပြားလာစေလိမ့်မည်ဟု ရန်ကုန်မှ အမှုဆောင်အရာရှိများက ဆိုသည်။
"ငွေကြေးဖောင်းပွမှု ၁၇.၇ ရာခိုင်နှုန်းနဲ့ အထက်မှာရှိနေသလို ကျပ်ငွေတန်ဖိုးက အာဏာမသိမ်းမီ အချိန်ကနဲ့ နှိုင်းယှဉ်ရင် ၆၀ ရာခိုင်နှုန်းကျော် ကျဆင်းလာတဲ့အတွက် စစ်ကောင်စီဟာ လျှပ်စစ်ဓာတ်အား တစ်ခုတည်းအတွက် ကျပ် ၁၃၁ ဘီလီယံ သို့မဟုတ် ဒေါ်လာ ၆၂ သန်းခန့် လစဉ်ဆုံးရှုံးနေတယ်။ ဒါတောင် လျှပ်စစ်ဓာတ်အားပို့ဆောင်ရေး၊ ဖြန့်ဖြူးရေးနှင့် ဘဏ္ဍာရေးစရိတ်စကတွေ မပါသေးပါဘူး" ဟု ယခင် အစိုးရအကြံပေး Guillaume de Langre က ပြောသည်။
“စစ်ကောင်စီကတော့ တိုင်းပြည်ကို ဒေဝါလီခံရအောင် တိတ်တိတ်ကလေးလုပ်နေတာပါပဲ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
“ချေးငွေပြန်မဆပ်လို့ ဝန်ကြီးဌာနတွေဟာ တစ်ခုနဲ့တစ်ခုတရားစွဲဖို့ ခြိမ်းခြောက်နေကြပြီး အခြေခံ အဆောက်အအုံ စီမံကိန်းတွေအတွက် ချေးယူထားတဲ့ ပြည်ပချေးငွေအများအပြားနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ကြီးထွားနေတယ်။ ငွေကြေးနဲ့စီးပွားရေးကို တည်ငြိမ်အောင် ချက်ခြင်းဆောင်ရွက်ဖို့ လိုတယ်။ ဒီလိုမှမဟုတ်ရင် အိမ်နီးချင်းနိုင်ငံတွေက သူတို့ရဲ့ငွေတွေကို ပြန်တောင်းလာကြလိမ့်မယ်” ဟု de Langreက ဖြည့်စွက်ပြောဆိုသည်။
အမည်ပျက် စာရင်းသွင်းခြင်းကြောင့် နိုင်ငံတကာဘဏ်များတွင် ဘဏ်စာရင်း ဖွင့်လှစ်ထိန်းသိမ်းခြင်း၊ ဘဏ်လုပ်ငန်း ဆက်သွယ်ဆောင်ရွက််ခြင်းတို့တွင် ပိုမိုခက်ခဲလာမည်ကို စိုးရိမ်ကြောင်း မြန်မာနိုင်ငံ အကြီးတန်း ဘဏ်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
“စီးပွားရေးလုပ်ငန်းကို တာဝန်ယူမှုရှိရှိ မဆောင်ရွက်တဲ့ကုမ္ပဏီတွေကတော့ နိုင်ငံတကာငွေကြေး စနစ်ထဲမှာ တစ်စိတ်တစ်ပိုင်း ပါဝင်နေကြမှာမဟုတ်ပါဘူး။ ဒါကြောင့် ဒီကိစ္စမှာ တာဝန်ယူမှုရှိရှိနဲ့ လုပ်ငန်းဆောင်ရွက်နေတဲ့ ကုမ္ပဏီအားလုံးကို ပစ်မှတ်ထားနေတာဖြစ်ပြီး ဒီလိုဆောင်ရွက်မှုက စီးပွားရေးလောကအပေါ် နောက်ထပ်ဖိအားတွေ ဖြစ်လာစေဖွယ်ရှိပါတယ်” ဟု အဆိုပါ ဘဏ်လုပ်ငန်းရှင်က ပြောဆိုသည်။
(NIKKEI ASIA မဂ္ဂဇင်းပါ THOMPSON CHAU and DOMINIC OO တို့၏ “Myanmar faces blacklisting risk by global financial crime watchdog” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)

Khit Thit

0 comments:

Post a Comment