Monday, September 5, 2022

ကျွဲစိမ်း ခေါ် ကာရာဘောင်းတစ်ဗူးလျှင် ငွေကျပ်ထောင့်နှစ်ရာဖြစ်နေ၍ ယခင်လို ပြည်သူများဝယ်မသောက်နိုင်တော့ဟုဆို

မြန်မာပြည်သူလူထုအကြားတွင် ကျွဲစိမ်းဟု အခေါ်များသည့် ကာရာဘောင်းအချိုရည် တစ်ဗူးလျှင် ငွေကျပ် ထောင့်နှစ်ရာ ရှိနေ၍ ပြည်သူများ ဝယ်မသောက်နိုင်တော့သည့် အခြေအနေများ ကြုံတွေ့နေရသည်ဟု ဆိုသည်။
မြန်မာနိုင်ငံအတွင်းတွင် စီးပွားရေးအခြေအနေများ ကျပ်တည်းလာသည့် အခြေအနေများကြောင့် ပြည်သူအချို့အနေဖြင့် ယခင်အပိုဝင်ငွေဖြင့် စားသောက်နိုင်သည့် သရေစာများအတွက် လျှော့ချနေရသည်။
တစ်နေ့တာအတွက် အခြေခံစားသောက်ကုန်ကျစရိတ်ကိုသာ အာရုံစိုက် ရုန်းကန်ရှာဖွေနေရပြီး စီးပွားရေးကျပ်တည်းမှုအတွင်း ဖြတ်သန်းရသည်။
“ အရင်က ကျွဲစိမ်းတစ်ဗူးကို ၆၀၀ ဝန်းကျင်ပဲရှိပါတယ်။ အခုထောင့်နှစ်ရာဆိုတော့ တော်တော်ဆိုးတယ်။ ဝယ်မသောက်နိုင်တော့ဘူး။ ရှိသမျှ ကုန်စျေးနှုန်းတွေက တက်တာပဲရှိတယ်။ လစာဘာညာကတော့ မတက်ဘူး ” ဟု ဗဟန်းမြို့နေ ပြည်သူတစ်ဦးက MPA သို့ ပြောပြသည်။
လက်ရှိအခြေအနေတွင် အပျော်အပါးနှင့် သရေစာများကို လျှော့ချနေရပြီး တစ်နေ့တာအတွက်ပင် မနည်းဖြေရှင်းနေရသည်ဟု ၎င်းက ဆက်လက် ရှင်းပြသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းကာလအတွင်း အလုပ်အကိုင်အခွင့်အရေး နည်းပါးလာသလို အလုပ်လက်မဲ့နှုန်းလည်း တိုးပွားလာခဲ့သည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ ထုတ်ပြန်ချက်အသစ်များအရ၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းယူပြီးနောက် ၁၈ လ ကြာကာလနှင့် ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှု တစ်နှစ်ခွဲကြာ ကာလတွင် မြန်မာနိုင်ငံသည် အလုပ်အကိုင် ဆုံးရှုံးမှုများနှင့် အလွန်အမင်း ကြုံတွေ့နေရလျက် ရှိသည်ဟု ဆိုသည်။
၂၀၂၀ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် အမျိုးသမီးများနှင့် အမျိုးသားများ၏ အလုပ်ကိုင် ၁.၁ သန်း နည်းပါးသွားကြောင်း (ILO) က ခန့်မှန်းထားပြီး၊ ၂၀၂၂ ခုနှစ်၊ ပထမနှစ်ဝက်တွင် အလုပ်အကိုင် အခြေအနေ အနည်းငယ် ပြန်လည် ကောင်းမွန်လာကြောင်း ညွှန်ပြနေသည်ဟုလည်းဆိုသည်။
သို့သော် အလုပ်အကိုင် အရည်အသွေးများ ပိုမို ဆိုးရွားလာလျက်ရှိပြီး၊ အလုပ်အကိုင်များသည် ၂၀၂၀ ခုနှစ် အချိန်ကာလထက် အဆင့်နိမ့်ကျလျက် ရှိနေပြီး အမျိုးသမီးများသည် အမျိုးသားများထက် အဘက်ဘက်မှ ပိုမိုထိခိုက်ခံစားနေရလျက် ရှိနေသည်ဟု (ILO) က ဩဂုတ်လ (၁) နေ့က ထုတ်ပြန်အသိပေးထားသည်။

MPA

0 comments:

Post a Comment