Thursday, September 8, 2022

အူရီဒူးမြန်မာကို ဒေါ်လာ ၅၇၆ သန်းဖြင့် ရောင်းချ

ပြည်တွင်း ဆက်သွယ်ရေးလုပ်ငန်းတခု ဖြစ်သည့် အူရီဒူးမြန်မာအား စင်ကာပူအခြေစိုက် Nine Communications Pte ကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၅၇၆ သန်းဖြင့် ရောင်းချရန် သဘောတူစာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ကြောင်း အူရီဒူးရုံးချုပ်က ယနေ့ ပြောဆိုလိုက်သည်ဟု Reuters သတင်းဌာနတွင် ဖော်ပြလာသည်။
ပြီးခဲ့သည့်ရက်ပိုင်းက အူရီဒူးမြန်မာကို မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးမျိုးမြင့်အုန်း ပိုင်ဆိုင်သော စင်ကာပူအခြေစိုက် TOMV ကုမ္ပဏီက ဝယ်ယူခွင့်ရရှိရန် နီးစပ်နေကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ကာတာအခြေစိုက်အူရီဒူးက ထိုသို့ ထုတ်ပြန်ပြောဆိုလာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ အများအပြားသည် ၎င်းတို့၏ လုပ်ငန်းများကို ရပ်ဆိုင်းကာ ပြန်လည် ထွက်ခွာမှုများရှိခဲ့ပြီး ထိုနိုင်ငံခြားကုမ္ပဏီများအနက် နော်ဝေဆက်သွယ်ရေးကုမ္ပဏီ တယ်လီနောလည်း ပါဝင်ခဲ့ကာ ယခုအခါ အူရီဒူးကလည်း ထွက်ခွာရန် ပြင်ဆင်လာခြင်း ဖြစ်သည်။
အဆိုပါ နိုင်ငံခြားဆက်သွယ်ရေးကုမ္ပဏီများသည် တိုင်းပြည် ပြုပြင်ပြောင်းလဲရေး စတင်လုပ်ဆောင်ခဲ့သော ၂၀၁၀ ခုနှစ် ဦးသိန်းစိန် အစိုးရလက်ထက်တွင် မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှု များလာသည့် ထင်ရှားသော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများလည်း ဖြစ်သည်။

ဧရာဝတီ

0 comments:

Post a Comment