အာဏာသိမ်း စစ်ကောင်စီဟာ အာဏာတည်မြဲရေးအတွက် တိုင်းပြည်ရဲ့ အထွေထွေအကျပ်အတည်းတွေကြားထဲကနေ သူတို့ ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတွေမှာ မဖြစ်မနေ ရွေးကောက်ပွဲကို လုပ်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုလိုက်ပါတယ်။
စက်တင်ဘာ ပထမအပတ်တုန်းက ရုရှားနိုင်ငံကို သွားရောက်ခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲ ဖြစ်၊ မဖြစ်ဆိုတာ ငြိမ်းချမ်းရေးနဲ့ စီးပွားရေးအားကောင်းလာဖို့ အပါအဝင် နိုင်ငံရေးတည်ငြိမ်အေးချမ်းမှုအပေါ် အများကြီးမူတည်တယ်လို့ RIA သတင်းဌာနကို ဖြေဆိုခဲ့တာပါ။
ဒါပေမယ့် စစ်ကောင်စီအနေနဲ့ နိုင်ငံရေး၊တရားဥပဒေစိုးမိုးရေး၊စီးပွားရေး စတဲ့ ကဏ္ဍတွေ အဘက်ဘက်က ချွတ်ခြုံကျလာနေချိန်မှာ ပြောထားတဲ့အတိုင်း တတ်နိုင်သလောက် ရွေးကောက်ပွဲဖြစ်အောင် ကြိုးစားဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုလာတာပါ။
နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ စစ်ရေးပဋိပက္ခတွေ ပိုမိုပြင်းထန်လာနေချိန်မှာ စစ်အုပ်စုဘက်က ထိန်းချုပ်ထားနိုင်တဲ့ မြို့နယ်တွေနဲ့ ကျေးရွာတွေမှာ ရွေးကောက်ပွဲကို ရသလောက် လုပ်ဆောင်လာနိုင်တယ်လို့ သုံးသပ်တာပါ။
“သူက (စစ်ကောင်စီ) ရသလောက် လုပ်မှာပါပဲ။အဲဒီတော့ ငြိမ်းချမ်းရေးလည်း မရနိုင်ဘူး၊ လုံခြုံရေးကလည်း မရှိဘူး။ဒါပေမယ့် ရွေးကောက်ပွဲတော့ မဖြစ်မနေ ဖြစ်အောင် လုပ်ပါလိမ့်မယ်။မြို့ပြနဲ့ကျေးလက်တစ်ချို့ တစ်ပြည်လုံး ကျယ်ပြန့်ပြီး လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စရာ သိပ်ပြီးတော့ အကြောင်းမရှိပါဘူး။ဒီအခြေအနေကို NUG ဦးဆောင်တဲ့ PDF တွေနဲ့ EAOs အဖွဲ့တွေက မုချ ဖျက်ဆီးပါလိမ့်မယ်”လို့ သူက မှတ်ချက်ပြုပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီအဖွဲ့ (SAC- Myanmar)ရဲ့ အစီရင်ခံစာအရ စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ထဲက ၇၂ မြို့နယ်ကိုသာ အပြည့်အဝထိန်းချုပ်နိုင်တော့တယ်လို့ ဖော်ပြထားပါတယ်။
စစ်တပ်အာဏာသိမ်းချိန်ကစပြီး လက်ရှိအချိန်ထိ ဒီမိုကရေစီအခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေ ဆုံးရှုံးလာနေချိန်မှာ စစ်ခေါင်းဆောင်ကတော့ ရွေးကောက်ပွဲမှာ ပြည်သူတွေအားလုံး ဒီမိုကရေစီအခွင့်အရေး ရပိုင်ခွင့်ရှိလို့ တစ်နိုင်ငံလုံး အကြားအလပ်မရှိ အထွေထွေရွေးကောက်ပွဲ ပြုလုပ်နိုင်ရေးဟာ သူ့ရဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံရေးသုတေသီ ဒေါက်တာ စိုင်းကြည်ဇင်စိုးကလည်း စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲ မဖြစ်မနေ ကျင်းပလာနိုင်ပြီး ဒါပေမယ့် သူတို့ လုပ်မယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိမလားဆိုတာ မေးခွန်းထုတ်စရာတွေ ရှိနေတယ်လို့ ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီဟာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့မှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူပြီး အရေးပေါ်ကာလ ၆ လ သက်တမ်းထပ်တိုးလိုက်ကြောင်း ကြေညာခဲ့တာပါ။
အဲဒီ နောက်ဆုံးသက်တမ်းတိုးထားတဲ့ ၆ လဟာဆိုရင် အခုအခါမှာတော့ ၅ လလောက်သာ သက်တမ်းကျန်ရှိတော့တာ ဖြစ်ပြီး သက်တမ်းကုန်ဆုံးသွားရင် စစ်ကောင်စီအနေနဲ့ မဖြစ်မနေ ရွေးကောက်ပွဲ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
နိုင်ငံရေးလေ့လာသူ ဦးရဲထွန်း (သီပေါ) ကလည်း စစ်ကောင်စီက ရွေးကောက်ပွဲ ပြုလုပ်ပြီး တက်လာမယ့် အစိုးရကနေ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူပြီး အရေးပေါ်ကာလတွေ သက်တမ်းထပ်တိုးလာနိုင်တယ်လို့ သုံးသပ်တာပါ။
“နိုင်ငံက တရားဥပဒေစိုးမိုးရေးအတွက် သူတို့ ထိန်းချုပ်နိုင်တာက သိပ်ပြီးတော့ မထိန်းချုပ်နိုင်သေးဘူးလို့ ယူဆရင် ရွေးကောက်ပွဲပြီးမှ ပေါ်လာတဲ့ အစိုးရ၊ သမ္မတအသစ်နဲ့ လွှတ်တော်နဲ့ ပေါ်လာတဲ့အချိန်ကျတော့မှ အဲဒီသမ္မတအသစ်က ကာလုံကို ခေါ်ပြီးတော့ ကာကွယ်ရေးဦးစီးချုပ် ဒါမှမဟုတ် နောက်တက်လာတဲ့ ကာကွယ်ရေးဦးစီးချုပ်ကိုပဲ အခုလို ပြန်လွှဲလို့ရတယ်။နောက်ထပ် တစ်နှစ် ၊ ခြောက်လ ၊ ခြောက်လ ပေါ့။အဲဒီလိုမျိုး ပြန်လုပ်လို့ ရတယ်။လုပ်ကောင်းလုပ်နိုင်တယ်”လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလကတော့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ လူ့အဖွဲ့အစည်းအတွင်း အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမယ့် မတည်ငြိမ်မှုကို ဖန်တီးမယ့် ဝိဝါဒ ကွဲပြားမှုအသစ်တွေကို မွေးထုတ်မယ့် လုပ်ကြံနိုင်ငံရေး လှည့်ကွက်သာ ဖြစ်တယ်လို့ ခုခံတော်လှန်စစ် တစ်နှစ်ပြည့်မှာ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လုံးဝချေဖျက်ဖို့ အရေးကြီးတဲ့အချိန်ဖြစ်တာမို့ နိုင်ငံရေး၊ စစ်ရေး နှစ်ခုစလုံးနဲ့ စစ်အုပ်စုကို ချေမှုန်းဖို့ လုပ်ဆောင်ရမှာဖြစ်တယ်လို့ တိုက်တွန်းထားတာပါ။
သတင်း-သံလွင်တိုင်းမ်
0 comments:
Post a Comment