Wednesday, September 7, 2022

နိုင်ငံခြားငွေဖြင့် ရရှိသည့် သင်္ဘောသားလစာကို အမြင့်ဆုံးငွေလဲနှုန်းဖြင့် ဝယ်ယူပေးရန် ဗဟိုဘဏ်ညွှန်ကြားထားဟု AYA ပြော

နိုင်ငံခြားငွေနဲ့ ရရှိတဲ့ မြန်မာသင်္ဘောသား လစာငွေတွေကို တက်နိုင်သမျှ အမြင့်ဆုံးနှုန်းထားနဲ့ ဝယ်ယူပေးဖို့ ဗဟိုဘဏ်က ညွှန်ကြားထားကြောင်း AYA ဘဏ်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် (MSF) က ထုတ်ပြန်ထားပါတယ်။
လက်ရှိ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ရည်ညွှန်းငွေလဲနှုန်းကို ၂၁၀၀ ကျပ် သတ်မှတ်ထားပေမယ့် ဗဟိုဘဏ်ပြင်ပ တရားမဝင်နိုင်ငံခြား ငွေကြေးဈေးကွက်အတွင်း တစ်ဒေါ်လာက ကျပ် ၃၀၀၀ အထက်မှာ အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။
MSF ရဲ့ ထုတ်ပြန်ချက်အတွင်း သင်္ဘောသားတွေရဲ့ နိုင်ငံခြားလစာငွေကို AYA အနေနဲ့ ဘဏ်အတွင်း ဖြစ်ပေါ်နေတဲ့ နေ့စဉ်ငွေလဲနှုန်းထားတွေအရ ပြောင်းလဲဝယ်ယူပေးမှာဖြစ်ပြီး တက်နိုင်သမျှ အမြင့်ဆုံးနှုန်းထားနဲ့ ဝယ်ယူပေးမှာကို သိရှိရတယ်လို့ ဖော်ပြထားပါတယ်။
သင်္ဘောသားအနေနဲ့ AYA ငွေစုဘဏ်စာရင်းမှ မိမိရဲ့ လစာငွေကို အခြားဝယ်ယူသူထံ တိုက်ရိုက်ရောင်းချခွင့်ရှိပေမယ့် နိုင်ငံခြားငွေ လက်ခံရရှိတဲ့နေ့မှ ၂၁ ရက်အတွင်း အပြီးအပိုင် လွှဲပြောင်းရောင်းချရမယ်လို့ သတ်မှတ်ထားပါတယ်။
သို့ပေမယ့် မိမိကိုယ်ရေးကိုယ်တာကိစ္စဖြစ်တဲ့ ပြည်ပကို ကျောင်းစရိတ်ပေးပို့ခြင်း၊ ပြည်ပထွက်ခွာ ဆေးကုခြင်းစတဲ့ ကိစ္စရပ်များအတွက်ကို နိုင်ငံခြားငွေကြီးကြပ်မှုကော်မတီထံ ဧရာဝတီဘဏ်ကတစ်ဆင့် ခွင့်ပြုမိန့် လျှောက်ထားရယူပြီးမှသာ ပေးပို့အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။
MSF ကတော့ နိုင်ငံခြားလစာငွေကို ဒေသခံကိုယ်စားလှယ်ထံကနေ နိုင်ငံခြားငွေနဲ့သာ လက်ခံရယူပြီး မြန်မာနိုင်ငံအတွင်းက ဘဏ်တွေထံ ပေးသွင်းမှသာ ငွေလဲလှယ်နှုန်းမြင့်မားတဲ့ မြန်မာကျပ်ငွေကို ရရှိမှာဖြစ်တယ်လို့ ဆိုပြန်ပါတယ်။
ဆက်လက်ပြီး MSF အနေနဲ့ ဒေသခံကိုယ်စားလှယ်မှ မြန်မာကျပ်ငွေ ထုတ်ပေးခြင်းကို လက်ခံခြင်းက မိမိရဲ့ သဘောဆန္ဒသာဖြစ်ပြီး ငွေလဲနှုန်းကို ဘဏ်မှ လဲလှယ်ပေးမယ့်နှုန်းထားအရ ရနိုင်မည်၊ မရနိုင်မည်ကို ခန့်မှန်းရခက်မယ်လို့ အသိပေးထားပါတယ်။

သတင်း - BETV Business

0 comments:

Post a Comment