Tuesday, September 13, 2022

ရွေးကောက်ပွဲဖြစ်လာဖို့ နိုင်ငံတည်ငြိမ်မှုအပေါ် မူတည်ကြောင်း စစ်ကောင်စီခေါင်းဆောင်ပြော


စစ်ကောင်စီက လာမယ့် ၂၀၂၃ ခုနှစ်မှာလုပ်ဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲ ဖြစ်ရေး၊ မဖြစ်ရေးဟာ ငြိမ်းချမ်းရေးနဲ့ စီးပွားရေး အားကောင်းလာဖို့၊ နိုင်ငံရေးတည်ငြိမ်အေးချမ်းဖို့ စတာတွေအပေါ်မှာ မူတည်တယ်လို့ စစ်ကောင်စီ ခေါင်းဆောင်က ရုရှားအခြေစိုက် RIA သတင်းဌာနနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားအခြေစိုက် RIA သတင်းဌာနနဲ့ တွေ့ဆုံ ဖြေကြားချိန်မှာ ပြောဆိုခဲ့တာလို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဒီနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
“ရွေးကောက်ပွဲ ဖြစ်ရေး မဖြစ်ရေးဆိုတာကတော့ ငြိမ်းချမ်းရေးနဲ့ စီးပွားရေး အားကောင်းလာဖို့ နိုင်ငံရေး တည်ငြိမ်အေးချမ်းဖို့ ဒီအပေါ်မှာ အများကြီးတည်ပါတယ်။ တတ်နိုင်သလောက် ကျနော်တို့ ပြောထားတဲ့အတိုင်း ရွေးကောက်ပွဲ ဖြစ်အောင် ကြိုးစားဆောင်ရွက်နေတယ်ဆိုတာ ပြောလိုပါတယ်”
တစ်နိုင်ငံလုံးမှာ နေရာလပ်မရှိ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးပဲ ဖြစ်တယ်လို့ စစ်ခေါင်းဆောင်က RIA သတင်း ဌာနကို ပြောဆိုခဲ့ပေမယ့် လက်တွေ့မှာတော့ တစ်နိုင်ငံလုံး နေရာအနှံမှာ တိုက်ပွဲတွေအပြင် ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ပဋိပက္ခမျိုးစုံ ဖြစ်နေပါတယ်။
၂၀၂၃ ရွေးကောက်ပွဲဟာ လုံခြုံရေး ရှုထောင့်အရ ကြည့်ရင် မဖြစ်နိုင်ပေမယ့် စစ်ကောင်စီကတော့ ဖြစ်အောင် လုပ်လိမ့်မယ်လို့ ထင်မြင်ကြောင်း ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က RFA ကို ပြောပါတယ်။
“လုံခြုံရေးအမြင်နဲ့ ကြည့်မယ်ဆိုရင်ကတော့ သိပ်မဖြစ်နိုင်ဘူး။ ဒါပေမဲ့ အစိုးရဘက်က ကြည့်မယ်ဆိုရင် နိုင်ငံတကာ ဖိအားတွေနဲ့ အထွေထွေ ကုန်ဈေးနှုန်း ကြီးမြင့်လာမှုတွေ၊ နိုင်ငံရေး အကျပ်အတည်းတွေ ဖြစ်လာတယ်။ အဲဒီနောက်ဆက်တွဲ ဒီထက်ပိုပြီးတော့ ပြင်းထန်တဲ့ဖိအားတွေကို ရှောင်နိုင်ဖို့အတွက်က ဒီစစ်အာဏာသိမ်းပြီးတော့ တက်လာတဲ့ စစ်အစိုးရ မဟုတ်ဘဲနဲ့ အများပြည်သူရဲ့ မဲဆန္ဒနဲ့ တက်လာတဲ့ အစိုးရတစ်ခုအဖြစ် အသွင်ပြောင်းရင် ပြည်သူ့အစိုးရတစ်ခုလို့ ကြေညာနိုင်ရင် ထွက်ပေါက်တစ်ခုအနေနဲ့ ဖြစ်လာလိမ့်မယ်”
ရွေးကောက်ပွဲကျင်းပဖို့ အချိုးကျကိုယ်စားပြု (PR) စနစ်ကိုလည်း ပြင်ဆင်ထားပေမယ့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်၊ မဖြစ် ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ဦးထွန်းအောင်ကျော်က ဆိုပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရသူ ဒေါက်တာနန္ဒာလှမြင့်ကတော့ တိုင်းပြည် တည်ငြိမ်အေးချမ်းဖို့အတွက် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲဟာ အရေးကြီးတယ်လို့ RFA ကို ပြောပါတယ်။
“တိုင်းပြည် တည်ငြိမ်အေးချမ်းပြီးတော့ ဖွံ့ဖြိုးတိုးတက် ကောင်းမွန်ဖို့အတွက် ရွေးကောက်ပွဲက ဖြစ်လိ့မ်မယ်လို့ ယုံ ကြည်တယ်။ တိုင်းပြည်အတွက် ဒီ ၂၀၂၃ ရွေးကောက်ပွဲက အရေးကြီးတယ်။ လက်ရှိ နစက အစိုးရအနေနဲ့ လည်း မဖြစ်မနေ ကျင်းပပေးလိမ့်မယ်လို့ ယုံကြည်တယ်”
၁၉၈၈ ခုနှစ် စစ်အစိုးရ အုပ်ချုပ်လာချိန်နောက်ပိုင်းကနေ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ စတင်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်ကစလို့ ရွေးကောက်ပွဲတွေ ကျင်းပလာခဲ့ပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲ သုံးကြိမ်ရှိခဲ့ပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရသွားတဲ့ NLD အစိုးရကို လက်မခံဘဲ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်းမှာ လက်နက်ကိုင် ပဋိပက္ခ၊ စီးပွားရေးကျပ်တည်းမှုတွေနဲ့ ဆက်တိုက် ကြုံတွေ့နေရပါတယ်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဆူပူအကြမ်းဖက်မှုကိစ္စတွေကို အတော်ထိန်းချုပ်နိုင်တဲ့ အခြေအနေရောက်ရှိလာပြီး စီးပွားရေးလည်း တည်ငြိမ်စပြုလာပြီလို့ ရုရှားအခြေစိုက် RIA သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ မဲရုံတွင် မဲပေးရန် စောင့်ဆိုင်းနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ရစဉ်။ (Photo: Thiha Tun/RFA)

0 comments:

Post a Comment