Sunday, September 4, 2022

(၁)တန် ဒေါ်လာ ၄၆၀ ကျော် မြန်မာ့ဆန်ဖြူ တန်ချိန် ၂ သိန်း ဘင်္ဂလားဒေ့ရှ် ဝယ်ယူမည်

ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာ့ဆန်ဖြူ (White Rice) တန်ချိန် ၂ သိန်း ဝယ်ယူသွားမယ်လို့ နီးစပ်သူအရာရှိအချို့ရဲ့ ပြောကြားချက်ကို ကိုးကားပြီး The Straits Time က ဖော်ပြထားပါတယ်။
‘‘သဘောတူစာချုပ်ကို မကြာခင် လက်မှတ်ရေးထိုးမှာဖြစ်ပြီး ဆန်ကို (၂)လအတွင်း အရောက်ပို့ပေးမှာပါ’’လို့ အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးက ပြောကြားထားပါတယ်။
အစိုးရအချင်းချင်း သဘောတူညီချက်အရ ဝယ်ယူမှာဖြစ်ပြီး ကုန်ကျစရိတ်၊ အာမခံငွေကြေး၊ သယ်ယူပို့ဆောင်စရိတ်အပါအဝင် (၁)တန်ကို အမေရိကန်ဒေါ်လာ ၄၆၅.၅၀ အဖြစ် သတ်မှတ်ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်က ဝယ်ယူမယ့် မြန်မာ့ဆန်ဖြူ (White Rice) က အမျိုးအစားအပေါ် မူတည်ကာ တစ်တန် (FOB-YGN) ကို စက်တင်ဘာလ ၆ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၃၆၀ - ၃၉၀ အထိ ပေါက်ဈေးရှိတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က တရားဝင်ထုတ်ပြန်ထားပါတယ်။
‘‘တစ်ဖက်နိုင်ငံ အစိုးရသိုလှောင်ရုံအထိ ကုန်ပို့ဆောင်အပ်နှံပေးတဲ့ စနစ်ပါ။ FOB ရန်ကုန်ဈေး မဟုတ်ပါဘူး’’လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) တာဝန်ရှိသူက ပြောပါတယ်။
ဝယ်ယူမှုသဘောတူစာချုပ်ကို တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရ အရာရှိက ပြောကြားထားပြီး MRF ဘက်ကလည်း စာချုပ်မချုပ်ဆိုရသေးလို့ ဘာမျှ ဆုံးဖြတ်ချက်မလုပ်ရသေးဘူးလို့ ဆိုပါတယ်။
‘‘ပါသင့်ပါထိုက်တဲ့သူတွေ ပါပါလိမ့်မယ်။ ပ-အကြိမ်၊ ဒု-အကြိမ်နဲ့ Top 15 Exporters စာရင်းပါတဲ့ ကုမ္ပဏီတွေနဲ့ ခေါ်ပြီး ဆွေးနွေးထားတာပဲ ရှိပါတယ်။ သူတို့ကို ဘယ်လောက်တင်ချင်လဲဆိုတာ အဆိုပြုခိုင်းထားတာပဲ ဖြစ်ပါတယ်’’လို့ ဆက်ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်အနေနဲ့ ဗီယက်နမ်နဲ့ အိန္ဒိယတို့ကနေ ဆန်တန်ချိန် ၃ သိန်းကျော်ကို ဝယ်ယူနေပြီး ‘အရန်ဆန်နဲ့ ပြည်တွင်းဈေး တည်ငြိမ်စေဖို့ ဆန်တင်သွင်းဖို့ ကြိုးပမ်းနေတာ’လို့ ဘင်္ဂလားဒေ့ရှ်စားနပ်ရိက္ခာဝန်ကြီးဌာနက ပြောကြားထားပါတယ်။
သတင်း - BETV Business

0 comments:

Post a Comment