Sunday, September 4, 2022

ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ထပ်မံချမှတ်မှုအပေါ် စစ်ကောင်စီကို အီးယူရှုတ်ချကန့်ကွက်

ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုစစ်ကောင်စီတရားရုံးက ထပ်မံပြစ်ဒဏ်ချမှတ်ခဲ့မှုကို ကန့်ကွက်ရှုတ်ချတယ်လို့ အီးယူဥရောပသမဂ္ဂက စက်တင်ဘာ၄ရက်က ပြောဆိုလိုက်ပါတယ်။
'' ဒေါ်အောင်ဆန်းစုကြည် အပေါ်တရားနည်းလမ်းမကျဘဲ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် နဲ့ ထပ်မံပြစ်ဒဏ်ချမှတ်မှုကိုရှုတ်ချပါတယ်။ အခု သူဟာ စွဲချက်ပေါင်း ၁၁ ခုနဲ့ ထောင်ဒဏ် အနှစ် ၂၀ နဲ့ ရင်ဆိုင်နေရပါတယ် '' လို့ EU ရဲ့ နိုင်ငံခြားရေးရာ နဲ့ လုံခြုံရေးမူဝါဒဆိုင်ရာအကြီးအကဲ Josep Borrell က သူ့ရဲ့တွစ်တာစာမျက်နှာမှာရေးသားခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦး၀င်းမြင့်နဲ့ ပြည်ထောင်စု၀န်ကြီးဟောင်း ဦးမင်းသူတို့သုံးဦးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) နဲ့စွဲဆိုထားတဲ့အမှုကို စက်တင်ဘာ ၂ ရက်မှာ အမိန့်ချမှတ်ခဲ့တာပါ။ သုံးဦးလုံးကို အလုပ်နဲ့ထောင်သုံးနှစ် စီချမှတ်ခဲ့တာဖြစ်ပြီး ချုပ်ရက်တွေကိုထုတ်နုတ်ခံစားခွင့်မပြုထားပါဘူး။
စစ်အာဏာသိမ်းပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ကိုလည်း စစ်ကောင်စီကို EU က တောင်းဆိုကြောင်းလည်း သူက ပြောဆိုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်အသစ် ထပ်မံချမှတ်ခဲ့တဲ့အပေါ် အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီယိုဘလင်ကန်က ရှုတ်ချထားပြီး စစ်ကောင်စီကို ထပ်မံဖိအားပေးဖို့ ပြီးခဲ့တဲ့ရက်ကပဲ တိုက်တွန်းထားတာပါ။
နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် စစ်ကောင်စီက ရွေးကောက်ပွဲမသမာမှုနဲ့ တရားစွဲပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တဲ့အပေါ် အာရှနိုင်ငံတွေရဲ့ ရွေးကောက်ပွဲတွေကို စောင့်ကြည့်လေ့လာနေတဲ့ လွတ်လပ်သောရွေးကောက်ပွဲများအတွက် အာရှကွန်ရက် (ANFREL)အဖွဲ့က အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်းကိုလည်းစက်တင်ဘာ ၂ ရက်က ကြေညာထားပါတယ်။
ဘီဘီစီမြန်မာပိုင်း
ဓာတ်ပုံ - Getty Images
ပုံစာ - ၂၀၁၃ခုနှစ်က ဥရောပသမဂ္ဂကပေးအပ်တဲ့ Sakharov Human Rights ဆုကိုလက်ခံယူချိန်က

0 comments:

Post a Comment