Wednesday, September 7, 2022

ကုန်ဈေးနှုန်းမြင့်တက်နေသဖြင့် ဟင်းသီးဟင်းရွက်နှင့် ငပိရည်ကျို ဝယ်ယူသူများပြားလာဟု ကုန်စိမ်းသည်များဆို


ကုန်ဈေးနှုန်းမြင့်တက်နေသဖြင့် ဟင်းသီးဟင်းရွက်နှင့် ငပိရည်ကျို ဝယ်ယူသူများပြားလာကြောင်း ကုန်စိမ်းရောင်းချသူများက ပြောသည်။
လတ်တလော ဈေးကွက်အတွင်း ဝယ်ယူသူများပြားလာသည့် ကုန်စိမ်းများသည် ဘူးသီး၊ ခရမ်းသီး၊ ကန်စွန်းရွက်၊ ပဲပင်ပေါက်၊ ပဲပြား၊ ပဲသွေး၊ ကောက်ရိုးမှို၊ စိုက်မှို၊ ကန်စွန်းရွက်၊ ဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ပန်းပွင့်နှင့် ရုံးပတီသီးတို့ဖြစ်ကြောင်း ကုန်စိမ်းရောင်းချသူများကပြောသည်။
" အမကုန်စိမ်းရောင်းလာတာ ဆယ်စုနှစ်တစ်ခုလောက်ရှိပြီ။ တစ်ခါမှ ဒီလောက်မရောင်းရဘူး။ အခုလူတွေက ဟင်းစားထက် အသီးအရွက်စားသူများလာတယ်။ ရုံးပတီသီးနဲ့ ကန်းစွန်ရွက်က အရောင်းရဆုံးပဲ။ ကန်စွန်းရွက်ဆို ရောင်းကောင်းပါတယ်ဆိုတဲ့ တရုတ်ကန်စွန်းတောင် မဝယ်ကြတော့ဘူး။ တစည်း ၄၀၀မို့လို့။ ကန်စွန်းရွက် အသေးလေးတွေပဲ ဝယ်ကြတော့တယ် " ဟု ကြည့်မြင်တိုင်ညဈေးအတွင်း ကုန်စိမ်းရောင်းချသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် လူတိုင်းနီးပါးစားသုံးသည့် ငပိရည်ကျိုဈေးသည် ငါးစင်ရိုင်း ငပိရည်ကျို တစ်ဆယ်သားလျှင် ၄၀၀ကျပ်မှ ၅၀၀ကျပ်နှင့် ငါးပြေမ ငပိရည်ကျိုတစ်ဆယ်သားလျှင် ၆၀၀ကျပ်မှ ၇၀၀ကျပ်ကြား ရောင်းချနေပြီး ယခင်ကထက် ကျပ်ငွေတစ်ရာကျပ်မှ နှစ်ရာကျပ်ကြား မြင့်တက်လာသော်လည်း ဝယ်သူကျသွားခြင်းမရှိဘဲ ပို၍များပြားလာကြောင်း ငပိရည်ကျို(အစိမ်း) ရောင်းချသူများက ပြောသည်။
" ငပိရည်ကျိုဆို အရောင်းရဆုံးက ငါးစင်ရိုင်းနဲ့ ငါးပြေမ နှပ်တဲ့ဟာပေါ့။ ဈေးကတော့ တစ်ရာလောက်တက်သွားတယ်။ ဒါကလဲ ဒိုင်မှာကိုက တက်တာလေ။ ဝယ်သူအချို့ဆို ငါးပိုထည့်ပေးပါဆိုပြီး တောင်းတာတွေ့တယ် " ဟု ဆိပ်ကမ်းသာလမ်းအတွင်း ငပိရည်ကျိုရောင်းချနေသူတစ်ဦးကပြောသည်။
စမ်းချောင်းမြို့နယ်ရှိ မိသားစုလေးဦးရှိသည့် အိမ်ထောင်ရှင်မတစ်ဦး​၏ တစ်နေ့တာ ကုန်ကျစရိတ်ကို မေးမြန်းရာ မနက်၊ နေ့လယ်နှင့် ညစာထမင်းဟင်းစရိတ်အတွက်တင်ပင် ကျပ်ငွေ ၈ထောင်နီးပါးရှိကြောင်း MPAသို့ပြောသည်။
" ၈ထောင်ဆိုတာ မနက်စာ အဆာပြေစားတာမပါသေးဘူး။ အသားစားချင်ရင် ကြက်သားနဲ့ ငါး ဘက်ပဲ ခြေဦးလှမ်းနိုင်တယ်။ ဆိတ်သားတို့ ဝက်သားတို့က အိမ်ကလူတွေနဲ့မကိုက်ဘူး။ဟင်းသီးဟင်းရွက်ဈေးကလဲ ကန်စွန်းရွက်နှစ်စည်းနဲ့ မှိုနဲ့ချက်မယ်ဆိုတောင် နှစ်ထောင်ဖြစ်ပြီ။ ဆန်ရယ် ဆီရယ်ကလည်း ဈေးကတက်မှတက်။ ကုန်ဈေးနှုန်းသာတက်လာတာ ဝင်ငွေက ဒုံရင်းပဲဆိုတော့ ချွေတာပြီးစားတောင် တစ်ရက်ရှစ်ထောင်ကုန်တယ်။ ဒါတောင် အရင်လို ကြော်လှော်နေတာမဟုတ်ဘူး။ ဆီကျန်ရေကျန်လေး ချက်နေရတာ။ ဟိုကောင်တွေ အုပ်ချုပ်ကတည်းက တိုင်းပြည်က တဖြေးဖြေးနဲ့ငတ်တော့မယ် " ဟု စမ်းချောင်းမြို့နယ်နေ အိမ်ထောင်ရှင်မတစ်ဦးကပြောသည်။
MPA အနေဖြင့် ရန်ကုန်တိုင်း၊ မြို့နယ်လေးခုရှိ လေဟာပြင် ညဈေးကြီး၊ ဂွဈေး၊ ဆိပ်ကမ်းသာလမ်း(အလယ်ဘလောက်)ဈေး၊ ပုဇွန်တောင်ဈေးအတွင်းရှိ ကုန်စိမ်းဈေးများအား လိုက်လံမေးမြန်းရာ ပဲပင်ပေါက်တစ်ဆယ်သားလျှင် ၃၀၀ကျပ်မှ ၃၅၀ကျပ်ကြား၊ ပဲပြားတစ်တုံးလျှင် ၂၀၀ကျပ်၊ ပဲသွေးတစ်တုံးလျှင် ၂၀၀ကျပ်မှ ၂၅၀ကျပ်ကြား၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ၁၈၀၀ကျပ်၊ ပန်းပွင့်(မုန်လာပန်း)တစ်ထုပ်လျှင် ၁,၂၀၀ကျပ်မှ ၁,၄၀၀ကျပ်ကြား၊ ဘူးသီး(အလတ်)တစ်လုံးလျှင် ၁,၀၀၀ကျပ်မှ ၁,၁၀၀ကျပ်ကြား၊ ရုံးပတီသီးတစည်း(လေးတောင့်ပါ)လျှင် ၁၀၀ကျပ်ဖြင့် ယနေ့ရောင်းချနေကြောင်း သိရသည်။
Photo-MPA

0 comments:

Post a Comment