Thursday, September 8, 2022

ဧရာဝတီဘဏ်နဲ့ ချိတ်ထားတဲ့ သင်္ဘောသားတွေရဲ့ လစာ ဒေါ်လာ တွေကို အမြင့်ဈေးနဲ့ ဝယ်ဖို့ ဗဟိုဘဏ်ညွှန်ကြားထားတယ်လို့ MSF ပြော

သင်္ဘောသားတွေရဲ့ လစာငွေဒေါ်လာကို  ဧရာဝတီဘဏ်ကနေ ဈေးကွက် ပေါက်ဈေး အတိုင်း  အမြင့်ဆုံးနှုန်းထားဖြင့် ဝယ်ယူရန် ဗဟိုဘဏ်ညွှန်ကြားထားတယ်လို့ မြန်မာနိုင်ငံ ပင်လယ်ကူး  သင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် (MSF) က သတင်းထုတ် ပြန်လိုက်ပါတယ်။ 

ဗဟိုဘဏ်၏ညွှန်ကြားချက်အရ သင်္ဘောသား၏နိုင်ငံခြားငွေစု ဘဏ်စာရင်းသို့ ဝင်ရောက်လာ သည့် နိုင်ငံခြားလစာငွေအား ဧရာဝတီဘဏ်အနေဖြင့် ဘဏ်အတွင်း ငွေကြေးအရောင်းအဝယ် ငွေလဲလှယ်နှုန်း ဖြစ်ပေါ်နေသည့် နေ့စဉ်နှုန်းထားများအရ ပြောင်းလဲဝယ်ယူပေးမည်ဖြစ်ပြီး တက်နိုင်သ၍ အမြင့်ဆုံးနှုန်းထားဖြင့် ဝယ်ယူပေးမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

သင်္ဘောသားအနေဖြင့် ဧရာဝတီဘဏ်၏ငွေစုဘဏ်စာရင်းမှ မိမိ၏နိုင်ငံခြားလစာငွေအား အခြားဝယ်ယူသူ ထံသို့ လည်းတိုက်ရိုက်ရောင်းချခွင့်ရှိသလို မိမိငွေစုဘဏ်စာရင်းသို့ နိုင်ငံခြားငွေလက်ခံရရှိသည့် နေ့မှ (၂၁) ရက်အတွင်းအပြီးအပိုင် လွှဲပြောင်း ရောင်းချရမယ်လို့ ဆိုပါတယ်။

ယင်းအပြင် မိမိ၏နိုင်ငံခြားလစာငွေအား မိမိကိုယ်ရေးကိုယ်တာကိစ္စရပ်များဖြစ်သော နိုင်ငံ ခြားတွင် ကျောင်းတက်နေ သည့် သားသမီးများအတွက် ကျောင်းစရိတ်ပေးပို့ရန်ကိစ္စ၊ နိုင်ငံခြားသို့ထွက်ခွာ၍ဆေးကုရန် ကိစ္စရပ်များ အတွက်ကိုမူ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းသို့ ဧရာဝတီဘဏ်မှတစ်ဆင့်လျှောက်ထား၍ ခွင့်ပြုမိန့်ရယူပြီးနောက် နိုင်ငံခြားသို့ပေးပို့၍အသုံးပြုနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။ 

 သင်္ဘောသားများအနေဖြင့် မိမိ၏ နိုင်ငံခြားလစာငွေအား ဒေသခံကိုယ်စားလှယ်ထံမှ နိုင်ငံခြား ငွေဖြင့် သာလက်ခံရယူပြီးမြန်မာနိုင်ငံအတွင်းရှိဘဏ်များသို့ ပေးသွင်းမှသာ ငွေလဲလှယ်နှုန်းမြင့်မားသည့် မြန်မာကျပ်ငွေအားရရှိမှာ ဖြစ်ပြီး   ဒေသခံကိုယ်စားလှယ်မှ မြန်မာကျပ်ငွေ ထုတ်ပေးခြင်းအားလက်ခံခြင်းသည် မိမိ၏သဘောဆန္ဒသာဖြစ်ပြီး ငွေလဲနှုန်းအား ဘဏ်မှ လဲလှယ်ပေး မည့်နှုန်းထားအရ ရနိုင်မည်၊ မရနိုင်မည်ကို ခန့်မှန်းရခက်မယ်ဆိုပြီးတော့ ထုတ်ပြန်ထားပါတယ်။ 

သင်္ဘောသားတွေ အနေနဲ့ ဧရာဝတီဘဏ်တွင် ကျပ်ငွေအထူးငွေစုဘဏ်စာရင်း (Special Account ) နှင့် နိုင်ငံခြားငွေစုဘဏ် စာရင်း (Foreign Currency Account) အား ကာယကံရှင်သင်္ဘောသားနှင့် အမွေစားအမွေခံတစ်ဦး တို့ပူးပေါင်း၍ ငွေစုဘဏ်စာရင်းဖွင့်လှစ်ရန်ရမှာ ဖြစ်ပြီး  သို့မှသာသင်္ဘောသားမရှိသည့်အချိန်တွင် အမွေစားအမွေခံမှ ငွေစုဘဏ်စာရင်းနှင့်ဆက်နွယ်သည့် လုပ်ငန်းစဉ်များအား တရားဝင် လုပ်ကိုင်ခွင့်ရမည်ဖြစ်သည်။

လက်ရှိမှာ ဗဟိုဘဏ်က အမေရိကန် တစ်ဒေါ်လာကို ကျပ် ၂၁၀၀ သတ်မှတ်ထားပေ မယ့် ပြင်ပဈေးကွက်အတွင်းမှာတော့ တစ်ဒေါ်လာကို ယနေ့ စက်တင်ဘာ ၈ ရက်နေ့မှာ ကျပ် ၃၆၀၀ ဝန်းကျင်ခန့်နဲ့ အရောင်းအဝယ်လုပ်နေသလို ဈေးနှုန်းကလည်း အချိန်နဲ့အမျှ အပြောင်းအလဲ ဖြစ်နေတာပါ။


MyanmaPlatform

0 comments:

Post a Comment