Thursday, September 1, 2022

ကျပ်ငွေတန်ဖိုးကျဆင်း၍ နယ်စပ်သွင်းကုန်သမားများ အခက်ကြုံနေ

 

ကျပ်ငွေတန်ဖိုးကျဆင်းနေပြီး တရုတ်ယွမ်ငွေဈေး မြင့်တက်နေသောကြောင့် မြန်မာ-တရုတ် နယ်စပ်မှာ သွင်းကုန် လုပ်ကိုင်သူများအနေဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။

 

မြန်မာ-တရုတ် နယ်စပ်တွင် ယမန်နေ့က တရုတ်ယွမ် တစ်ယွမ်ကို ကျပ် (၅၅၀) အထိ ပေါက်ဈေးရှိနေသည့်အတွက် ငွေလဲလုပ်ငန်းလုပ်ကိုင်သူအများစုမှ မြန်မာကျပ်ငွေ ဝယ်ယူမှုအား ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။

 

ကျပ်ငွေတန်ဖိုးကျဆင်းလာသည့်အတွက် မြန်မာ-တရုတ် နယ်စပ်ရှိ ပို့ကုန်တင်ပို့သူများ အဆင်ပြေပြီး တရုတ်ဘက်မှ ကုန်မျိုးစုံ တင်သွင်းသူများမှာမူ အခက်အခဲကြုံတွေ့နေရကြောင်း မူဆယ် ဆန်ကုန်စည်ဒိုင်မှ သိရသည်။

 

လက်ရှိ မြန်မာ-တရုတ် နယ်စပ်တွင် နေ့စဉ် ပို့ကုန်တင်ပို့ကားများ ပုံမှန်အတိုင်း ဝင်ရောက်နေပြီး သွင်းကုန်ကား ဝင်ရောက်မှုမှာတော့ လျော့နည်းသွားကြောင်း သိရသည်။

 

ကျပ်ငွေတန်ဖိုးကျဆင်းနေသည့်အတွက် တရုတ်ဘက်မှ သွင်းကုန်များကို ပြည်တွင်း၌ ဈေးတင်ရောင်းရသည့် အတွက် စားသုံးသူ ပြည်သူများ ဈေးနှုန်းကြီးမြင့်မှုကို ရင်ဆိုင်ရမှာ ဖြစ်ကြောင်း နယ်စပ်ကုန်သည်များက သုံးသပ်ထားသည်။

 

မြန်မာ-တရုတ် နယ်စပ်တွင် ပို့ကုန်အနေနှင့် အဓိက ဆန်၊ ဆန်ကွဲ၊ စားသောက်ကုန်၊ ရေထွက်ကုန်များ တင်ပို့နေပြီး သွင်းကုန်အနေဖြင့် စက်မှုပစ္စည်း၊ ဓာတ်မြေဩဇာ၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့် လူသုံးကုန်များကို တင်သွင်းနေလျက်ရှိနေကြောင်း သိရသည်။

 

#ymg/NN
#Yangon_Media_Group

0 comments:

Post a Comment