Wednesday, September 14, 2022

မြန်မာငြိမ်းချမ်းရေးအစီအစဉ် ဖော်ဆောင်ရာတွင် တိုးတက်မှုမရှိသည့်အပေါ် အာဆီယံက အလွန်စိတ်ပျက်ဟု စင်္ကာပူ ပြော

မြန်မာ၏ ငြိမ်းချမ်းရေး အစီအစဉ်များ အကောင်အထည်ဖော်ရာတွင် တိုးတက်မှု သိပ်မရှိလှသည့်အပေါ် စင်္ကာပူ အပါအဝင် အာဆီယံအနေဖြင့် “အလွန်အမင်း စိတ်ပျက်” ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်သည်။

ထို့အတွက်ကြောင့် အာဆီယံအုပ်စု၏ ခေါင်းဆောင်များအနေဖြင့် နိုဝင်ဘာလ အဆင့်မြင့်လယ်ဗယ် အစည်းအဝေး ကျင်းပသည့်အခါ အာဆီယံနှင့် သဘောတူထားသည့် ငြိမ်းချမ်းရေး အစီအစဉ်များကို မြန်မာအာဏာသိမ်းစစ်အုပ်စုဘက်က ဖော်ဆောင်ရာတွင် ခရီးပေါက်ခြင်း၊ မပေါက်ခြင်း ကိစ္စကို အကဲဖြတ်ချင့်တွက်သွားရလိမ့်မည် ဖြစ်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘလာခရစ်ရှ်နန်က စက်တင်ဘာ ၁၃ ရက်တွင် ပြောသည်။

မြန်မာနိုင်ငံ၏ အခြေအနေသည် သေရေရှင်ရေးတမျှ ဆက်ဖြစ်နေကြောင်းနှင့် အတိုင်းအတာ ကြီးမားသည့် အရပ်သား သေဆုံး၊ ဒဏ်ရာရမှုများ အပါအဝင် မြန်မာတွင် ဆက်ဖြစ်နေသည့် အကျပ်အတည်းအတွက် စစ်တပ်တွင် အဓိကတာဝန်ရှိကြောင်း ၎င်းက ပြောသည်။

၂၀၂၁ ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းအုပ်စု၏ ဖြိုခွင်းနှိမ်နင်းမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၂,၀၀၀ ကျော် သေဆုံးခဲ့ရသည့် ဖရိုဖရဲ အခြေအနေများကို အဆုံးသတ်စေရန် ရည်ရွယ်ပြီး ယမန်နှစ် ဧပြီလက ဘုံသဘောတူညီချက် ငါးချက် ငြိမ်းချမ်းရေးအစီအစဉ်ကို ရေးဆွဲသဘောတူခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစီအစဉ်များ ဖော်ဆောင်ရာတွင် သိသိသာသာ တိုးတက်မှု မရှိသည့်အခြေအနေအပေါ် စင်္ကာပူနှင့် အာဆီယံအနေဖြင့် အလွန်တရာ စိတ်ပျက်ရကြောင်း ဒေါက်တာ ဘလာခရစ်ရှ်နန်က အလုပ်သမားပါတီ လွှတ်တော်အမတ်များဖြစ်သည့် ဂျရေး ဂျီယမ်နှင့် ဒန်းနစ် တန် တို့ထံ ပေးပို့သည့် ပါလီမန်ဆိုင်ရာ လက်ရေး ပြန်ကြားချက်တစ်ခုတွင် ပြောခဲ့သည်။

“အာဆီယံခေါင်းဆောင်တွေအနေနဲ့ လာမယ့် နိုဝင်ဘာလ ထိပ်သီးအစည်းအဝေးမှာ ဘုံသဘောတူညီချက် ငါးချက် ဖော်ဆောင်မှုရဲ့ တိုးတက်မှု အခြေအနေအပေါ် အကဲဖြတ်သွားရပါလိမ့်မယ်။ အခြေအနေက ဘယ်လို ပြောင်းလဲဖြစ်ပေါ်နေသလဲ ဆိုတာအပေါ် မူတည်ပြီး သူတို့ဟာ အာဆီယံရဲ့ နောက်ထပ် လုပ်ဆောင်ချက်တွေကို လမ်းကြောင်းပဲ့ကိုင်ဖို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တချို့ ချမှတ်သွားရပါလိမ့်မယ်” ဟု စင်္ကာပူဝန်ကြီးက ပြောသွားခဲ့သည်။


Mizzima

0 comments:

Post a Comment