Tuesday, September 13, 2022

ကမ္ဘာ့ငွေကြေးအဖောင်းပွဆုံးနိုင်ငံများစာရင်းတွင် မြန်မာအဆင့် ၅ရပ်တည်

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွနှုန်းသည်၁၂၇ ရာခိုင်နှုန်းရှိပြီး ကမ္ဘာတွင်ငွေကြေးအဖောင်းပွဆုံးနိုင်ငံများ စာရင်း၌ အဆင့် ၅ တွင်ရပ်တည်​နေကြောင်း အမေရိကန်John’s Hopkins တက္ကသိုလ်၊ စီးပွားရေးပညာရှင်Steve Hankeက ပြောသည်။
အဆိုပါ​ငွေ​ကြေး​ဖောင်းပွနှုန်းများသည် ၂၀၂၂ စက်တင်ဘာ ၈ ရက်က တွက်ချက်ခဲ့ခြင်းဖြစ်ကာ ထိုတွက်ချက်မှုများအရ ဇင်ဘာဘွေနိုင်ငံက ကမ္ဘာပေါ်တွင် ငွေကြေးဖောင်းပွမှုအများဆုံးနိုင်ငံ့ဖြစ်ပြီး မြန်မာနိုင်ငံအထက်တွင် ကျူးဘား၊ လက်ဘနွန်နှင့် တူရကီနိုင်ငံတို့သာရှိပြီး မြန်မာက ​ငွေ​ကြေး​ဖောင်းပွမှု ၁၂၇ ရာခိုင်နှုန်းဖြင့် အဆင့် ၅ ၌ရပ်တည်​နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ငွေကြေးဖောင်းပွနှုန်းသည် ၂၀၂၂ဧပြီတွင် ၁၈ ရာခိုင်နှုန်းရှိခဲ့ပြီး စက်တင်ဘာ ၈ ရက်တွင် ၁၂၇ ရာခိုင်နှုန်းရှိလာခြင်းဖြစ်သည်ဟု အဆိုပါစီးပွားရေးပညာရှင်ကတွက်ချက်​ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွနှုန်းများသည် လက်ရှိပြင်ပပေါက်ဈေးများကို အခြေခံတွက်ချက်ထားခြင်း ဖြစ်သည်ဟုလည်း Steve Hanke ကဆိုသည်။
စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က တစ်ဒေါ်လာကို ကျပ် ၂၁၀၀သတ်မှတ်ထား​သော်လည်း ပြင်ပပေါက်ဈေးတွင်ယခုအခါ တစ်ဒေါ်လာကို ကျပ် ၃၄၀၀ မှ ၃၅၀၀ကြားရှိနေသည်။ အလားတူထိုင်းဘတ်၊တရုတ်ယွမ်၊စင်ကာပူ​ဒေါ်လာ၊အန္ဒိယရူပီ စ​သောနိုင်ငံခြား​ငွေများနှင့်လဲနှုန်းတွင်လည်းကျပ်​ငွေတန်ဖိုးကျဆင်း​နေသည်။​ငွေလဲနှုန်းတန်ဖိုးကျပြီးစက်သုံးဆီ​ဈေးနှုန်းများလည်းတက်လာသဖြင့် ပြည်တွင်၌ကျပ်​ငွေ​ဖောင်းပွကာ အ​​ထွေ​ထွေကုန်​ဈေးနှုန်းများကြီးမြင့်ကာပြည်သူအများစုအခက်​တွေ့​နေကြသည်။
စစ်တပ်အာဏာမသိမ်းခင်က တစ်ဒေါ်လာကို ကျပ် ၁၃၃၇ ရှိပြီး အာဏာသိမ်းပြီးတနှစ်ကျော်ကာလအတွင်း ဒေါ်လာဈေးဖြင့်နှုန်းယှဉ်ပါက ကျပ်ငွေတန်ဖိုးသည် ၁၆၀ရာခိုင်နှုန်းကျော်ကျဆင်းခဲ့ခြင်းဖြစ်သည်။

0 comments:

Post a Comment