Sunday, September 4, 2022

Khit Thit အပါအဝင် မီဒီယာများကြောင့် ဒေါ်လာတန်ဖိုးမြင့်တက်၍ ထိရောက်စွာ အရေးယူရမည်ဟု ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ပြော


ဩဂုတ်လ ၃၁ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၅၀၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သား ငွေကျပ် ၃၈ သိန်း အထိ ရောက်ရှိမှုသည် Khit Thit အပါအဝင် မီဒီယာတချို့၏ သတင်းရေးသား ဖော်ပြမှုကြောင့် ဖြစ်သည်ဟု ဗဟိုဘဏ် ဥက္ကဋ္ဌ‌ ဒေါ်သန်းသန်းဆွေက ပြောဆိုလိုက်ခြင်းဖြစ်သည်။
ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်ဖြစ်သော စီးပွားရေးသမားကမူ နိုင်ငံခြား ငွေလဲလှယ်နှုန်းထားတွင် ဒေါ်လာတန်ဖိုး မြင့်တက်ခြင်းသည် မီဒီယာများနှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း၊ အာဏာသိမ်းမှု ကြောင့် တိုင်းပြည် စီးပွားရေးပြိုလဲနေခြင်းဖြစ်ကြောင်း၊ လူထုက စစ်တပ်နှင့် ကျပ်ငွေအပေါ် အယုံအကြည်မဲ့လာခြင်းဖြစ်ကြောင်း၊ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထုတ်ပေးမည်၊ ရွှေဒင်္ဂါးထုတ်ရောင်းမည်ဟု အမျိုးမျိုးလှည့်ဖြားလျက်ရှိကြောင်း ပြောဆိုသည်။
"ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့ပေးမယ်ပြောတယ်။ တကယ်တမ်းကျတော့ အပေါင်ထားပြီး ချေးရတယ်။ ရွှေဒင်္ဂါး ထုတ်ရောင်းမယ် ပြောတယ်။ ဘာမှ မတွေ့ရဘူး။ အဲဒီတော့ ဖြစ်နေတာက မီဒီယာတွေကြောင့် ဆိုတာတော့ လက်မခံပါဘူး။ တကယ်တိုင်းပြည်စီးပွားရေး ကောင်းရင် မီဒီယာက ဘာရေးရေး အေး အေး လူလူဖြစ်မှာပဲ။ အခုက အာဏာသိမ်းထားတယ်။ စစ်တပ်ကို မယုံကြည်ဘူး။ ကျပ်ငွေကို မယုံကြည်ဘူး။ ဒါတွေကြောင့်ဖြစ်နေတာပါ။ စျေးကွက်စီး ပွားရေးမှာက ရောင်းလိုအား၊ ဝယ်လိုအားနဲ့ အားမျှစျေးနှုန်း အတိုင်းပဲ သွားကြတာပါ။ ကိုယ်ညံ့တာဝန်မခံချင်လို့ သူများ လွှဲချနေတာ။ စစ်တပ်က အာဏာသိမ်းထားတာလား။ မီဒီယာတွေက အာဏာသိမ်းထားတာလား ပြန်မေးရမလိုဖြစ်နေပြီ" ဟု ရန်ကုန်စီးပွားရေးသမားက ဆိုသည်။
လက်ရှိ ပြည်တွင်းငွေလဲစျေးကွက်တွင် ပိတ်ရက်များတွင်ပါ ငွေလဲနှုန်းမြင့်တက်နေခြင်းသည်လည်း စျေးကစားမှုကြောင့် ဖြစ်သည်ဟု စစ်ကောင်စီနှင့်ဗဟိုဘဏ်က တောက်လျှောက်ဆိုသလို ပြောဆိုလျက်ရှိသည်။
"စျေးကစားတာကြောင့်ဆိုတာက လုံး၀ မမှန်ဘူး။ ရှေ့မှာလည်း ပြောခဲ့ပြီးပြီ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ မတ်လအထိ အမေရိကန်ဒေါ်လာ ၅၅၄ သန်း ဗဟိုဘဏ်က ထုတ်ရောင်းခဲ့တယ်။ ဒေါ်လာ ကျဆင်းသွားသလား။ အဓိကက ဒေါ်လာ ပြတ်လပ်မှုဖြစ်နေတာ။ စီးပွားရေးမကောင်းတာ။ စီးပွားရေး လုပ်မရတာ။ ယုံကြည်မှု ပျောက်တာ။ အာဏာနဲ့ လူတွေကို အနိုင်ကျင့်နေတာ။ သတ်နေတာ။ အဲဒါတွေ ဖြစ်နေတာကို ။ အဲဒါကို လက်မခံသမျှကာလပတ်လုံးတော့ ဒီစီးပွားရေး ပျက်ရုံအပြင် ဘာမှ ဖြစ်မလာဘူး" ဟု ရန်ကုန်စီးပွားရေးသမားက ဆိုသည်။
လက်ရှိတွင် ပြည်တွင်းစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ငွေကျပ် ၃၅၀၀ ကျပ်မှ ၃၈၀၀ ကျပ်အကြား၊ အခေါက်ရွှေစျေးမှာ ငွေကျပ် ၃၁ သိန်းနှင့် ၃၂ သိန်းအကြား စျေးပေါက်လျက်ရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက် စစ်ကောင်စီခန့် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ
Khit Thit

0 comments:

Post a Comment