Sunday, September 4, 2022

ရန်ကုန်တွင် ဖုန်းငှားဆက်ကာ လုယက်သည့်အမှုများတွင် အမျိုးသမီးများပါဝင်နေ

ရန်ကုန်မြို့က ကားမှတ်တိုင်တွေနဲ့ လူစည်ကားရာနေရာအချို့မှာ ဖုန်းငှားဆက်ရင်း လုယူထွက်ပြေးတဲ့ဖြစ်ရပ်တွေ ရှိနေပြီး အဲဒီ လုယက်မူတွေမှာအမျိုးသမီးတွေပါဝင်နေတယ်လို့ ကိုယ်တိုင်ကြုံဖူးသူအချို့ထံကနေ သိရပါတယ်။
" ကျမညီမလေးနဲ့ သိမ်ကြီးစျေးနားက ကားမှတ်တိုင်နားရပ်နေတာ အမျိုးသမီးတစ်ဦးက ဘေးနားလာကပ်ပြီး ဖုန်းခဏတောင်းဆက်တယ်။ တစ်ကောလောက်ပေးဆက်ပါပေါ့။ ဖုန်းပေးလိုက်ပီးဆက်နေတယ်။
မကြားရတဲ့ပုံစံနဲ့ ဘေးဘက်ခဏထွက်ပြောသလိုနဲ့လုပြေးသွားတာ။ လိုက်အော်ပေမယ့် စျေးထဲပြေးသွားတော့ မမိလိုက်ဘူး။ ဘေးနာမှာလူရှိနေတဲ့ကြားကလုပ်သွားတာ"လို့ သန်လျင်မြို့နယ်မှာနေထိုင်တဲ့ ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
မှတ်တိုင်တွေမှာ ရပ်နေတဲ့သူတွေနဲ့ ကုန်တိုက်တွေ၊ စျေးတွေနားမှာ ရပ်နေတဲ့သူတွေဆီက ဖုန်းကို ခဏလောက်ပေးဆက်ပါ၊ ဖုန်းကျန်ခဲ့လို့ ချိန်းထားတဲ့သူကို ဆက်ဖို့အရေးကြီးလိုလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ငှား ဆက်ပြီးနောက် အသင့်စောင့်နေတဲ့ကား သို့မဟုတ် ဆိုင်ကယ်တွေပေါ်တက်ပြီး ယူပြေးသွားကြတာမျိုး လဲရှိတယ်လို့ ကိုယ်တိုင်ကြုံဖူးသူတွေက ပြောပါတယ်။
လုယူဖို့ကြံစည်နေသူတွေဟာ တန်ဖိုးကြီးဖုန်း သို့မဟုတ် ပြန်ရောင်းရင် စျေးရလွယ်မယ့် ဖုန်းကိုင်ထားသူတွေကို ပစ်မှတ်ထားပြီးလုပ်ဆောင်ကြတယ်လို့လည်းသိရပါတယ်။ အရင်က ဒီလိုလုယက်မှုတွေမှာ အမျိုးသားတွေက အများစုပါဝင် ကျူးလွန်ကြတာဖြစ်ပြီး လက်ရှိအချိန်မှာ အမျိုးသမီးတွေ ပါ၀င်လာကြတယ်လို့ ဆိုကြပါတယ်။
" မနေ့ကလဲအိမ်ပြန်ဖို့ကားမှတ်တိုင်နားရပ်နေတာ အမျိုးသမီးတစ်ယောက်က ဘေးနားလာကပ်တယ်။ ဖုန်းတစ်ကောလောက်ပေးခေါ်ပါတဲ့။ ဘေလ်မရှိဘူးလို့ပြောတော့ သူကမယုံတဲ့ပုံစံနဲ့မစ်ကေားလေးပဲပို့မယ် သူတို့ဖက်ကပြန်ခေါ်လာမှာ ခဏလေးဆိုပြီးတောင်းတယ်။ မပေးလိုက်တော့ စိတ်တိုတဲ့အမူအယာနဲ့ ဘေးဘက်လမ်းထဲ၀င်သွားတယ်။ အဲဒီနားမှာလူတစ်ယောက်က ဆိုင်ကယ်နဲ့ကြိုစောင့်နေတာ။ မပါသွားလို့တော်သေးတယ် " လို့ပုစွန်တောင်မြို့နယ်မှာနေတဲ့ ရုံး၀န်ထမ်းတစ်ဦးက ပြောပါတယ်။
လက်ရှိရန်ကုန်မြို့နေရာအနှံ့အပြားက လိုင်းကားတွေပေါ်မှာ ခါးပိုက်နှိက်တွေများနေတယ်လို့ နေထိုင်သူတွေက ဆိုပါတယ်။
ခါးပိုက်နှိက်တွေဟာ ကားပေါ်မှာ ဖုန်းနဲ့ပိုက်ဆံအိတ်နိုက်ဖို့ကြိုးပမ်းနေချိန် မြင်တဲ့သူတွေကို ဓားကိုင်ပြီး ရန်မူတာတွေလည်းရှိတယ်လို့ဆိုပါတယ်။ ဒါကြောင့် ခါးပိုက်နှိက်နေတာကို မျက်မြင်တွေ့သူတွေက သိသိသာသာ မပြောရဲကြဘူးလို့ ရန်ကုန်မြို့နေထိုင် သူအချို့က ပြောပါတယ်။
ဖုန်းငှားဆက်ပြီး လုပြေးခံရဖူးသူတွေထဲမှာ တက္ကစီယာဥ်မောင်းတွေပင်ပါ၀င်နေတယ်လို့ သိရပါတယ်။
လူစည်ကားရာ စျေးအနီး၀န်းကျင်မှာ အထုပ်အပိုးတွေနဲ့ကားငှားမယ်ဆိုပြီး ပါလာတဲ့ပစ္စည်းတွေကို ကားပေါ်တင်ပြီးနောက် လူခေါ်ဖို့ရှိလို့ ဖုန်းခဏပေးဆက်နေချိန် လုယက်ပြေးသွားကြတာမျိုး ကြုံဖူးတယ်လို့ တက္ကစီယာဥ်မောင်းတစ်ဦးက ပြောပြပါတယ်။
" ဆီပုံး နှစ်ပုံးနဲ့ရပ်နေတယ်။ အထုပ်တစ်ထုပ်ပါပါတယ် ။ ကားငှားတယ်။ ဘယ်နေရာကိုဆိုပြီးပြောတော့ ကားပေါ်ပစ္စည်းတင်တယ်။ သူ့အစ်မလဲပါတယ် အတူလိုက်မှာ၊ ဒီနားလေးတင်လူကွဲသွားတယ်ဆိုပြီး ဖုန်းတောင်းဆက်တယ်။ ကျွန်တော်ကကားပေါ်ထိုင်နေတာ။ သူကကားပေါ်ကဆင်းပြီးဖုန်းဆက်နေတာ။ သူ့ပစ္စည်းကကားပေါ်တင်ထားပြီးသားဆိုတော့ ဖုန်းပေးလိုက်တယ်။ ပြီးတော့ စျေးထဲ၀င်ပြေးသွားတာ ရှာမရတော့ဘူး။ ပစ္စည်းတွေကြည့်လိုက်တော့ဆီပုံးကရေတွေ ။ ပစ္စည်းထုပ်ကလဲ အ၀တ်စုတ်ထုပ်ဖြစ်နေတယ်"လို့ကိုယ်တိုင်ကြုံခဲ့တဲ့ စမ်းချောင်းမြို့နယ်မှာ နေထိုင်တဲ့ ယာဥ်မောင်းတစ်ဦးကပြောပါတယ်။
ဖုန်းအလုခံရလို့၊ ခါးပိုက်နိုက်ခံရလို့၊ ဖုန်းကျပျောက်လို့ဆိုပြီး ဖုန်းဆင်းကတ်ပြန်လျောက်တဲ့သူတွေ တစ်ရက်ကို ၅၀ ဦးထက်မကရှိနေတယ်လို့ မြန်မာဆက်သွယ်ရေးလုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ MPT အော်ပရေတာတစ်ခုမှာ အလုပ်လုပ်နေသူအချို့ဆီကသိရပါတယ်။
ပုံစာ - ရန်ကုန်မြို့ လူစည်ကားရာ မှတ်တိုင်တစ်ခုဖြစ်သည့် လှည်းတန်းမှတ်တိုက်ကို ၂၀၂၁ အာဏာသိမ်းပြီးနောက်
တွေ့ရစဉ်
Burma Associated Press

0 comments:

Post a Comment