Sunday, September 4, 2022

ရုရှား EEF ဖိုရမ်မှာ မြန်မာစစ်ခေါင်းဆောင်ကိုဧည့်သည်တော်အဖြစ် ရုရှားနိုင်ငံပိုင်မီဒီယာက ဖော်ပြလာ

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရုရှားနိုင်ငံ၊ ဗလာဒီဗိုစတော့မြို့မှာ ကျင်းပနေပြီဖြစ်တဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)အတွက် ပြည်ပဧည့်သည်တော်အဖြစ် ရုရှားနိုင်ငံပိုင် မီဒီယာက ဖော်ပြလာပါတယ်။
စစ်ခေါင်းဆောင်နဲ့အတူ တရုတ်ပြည်သူ့ကွန်ဂရက်စ်အမြဲတမ်းကော်မတီဥက္ကဋ္ဌ၊ အာမေးနီးယားဝန်ကြီးချုပ်နဲ့ မွန်ဂိုလီယားဝန်ကြီးချုပ်တို့ကို ဖိုရမ်ကို ဖိတ်ကြားတာဖြစ်ပြီး အဲဒီဖိုရမ်ကို သမ္မတ ပူတင်လည်း တက်‌ရောက်မယ်လို့ ဆိုပါတယ်။
သမ္မတ ပူတင်ဟာ ဖိတ်ကြားထားတဲ့ ပြည်ပဧည့်သည်တေ်တွေနဲ့ ဖိုရမ်မှာ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွေကို စက်တင်ဘာလ ၇ ရက်မှာ ပြုလုပ်သွားမယ်လို့လည်း ရုရှားသမ္မတရုံး သတင်းထုတ်ပြန်ရေးအဖွဲ့က ကြေညာတယ်လို့လည်း ဆိုပါတယ်။
''သမ္မတပူတင်နဲ့ ဖိုရမ်ကို ဖိတ်ကြားထားတဲ့ပြည်ပခေါင်းဆောင်တွေရဲ့ သီးခြားစီတွေ့ဆုံမှုတွေဟာ စက်တင်ဘာလ ၇ ရက်မှာ တနေ့လုံးရှိနေပါမယ်။ ခေါင်းဆောင်တွေဟာ ဒေသတွင်းနဲ့ နှစ်နိုင်ငံဆိုင်ရာကိစ္စတွေကို အမြင်ချင်းဖလှယ်ဖို့ရှိပါတယ်'' လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒါပေမဲ့ မြန်မာစစ်ခေါင်းဆောင်နဲ့ ရုရှားသမ္မတတို့ ဖိုရမ်အတွင်း သီးခြားတွေ့ဆုံမလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
မြန်မာစစ်ခေါင်းဆောင်ဟာ အဲဒီဖိုရမ်တက်ဖို့ မနေ့က နေပြည်တော်ကနေ ထွက်ခွါသွားတာဖြစ်ပြီး စက်တင်ဘာလ ၈ ရက်အထိ ဖိုရမ် တက်‌ရောက်မှာဖြစ်သလို ရုရှားအစိုးရတာဝန်ရှိသူတွေ၊ အထိမ်းအမှတ်နေရာတွေ၊ တက္ကသိုလ်တွေနဲ့ စက်ရုံတွေကို သွားရောက်ဖို့ရှိတယ်လို့ စစ်ကောင်စီလက်အောက် နိုင်ငံပိုင်သတင်းမှာဖော်ပြထားပါတယ်။

0 comments:

Post a Comment