Thursday, September 1, 2022

နိုင်ငံခြားဆေးဝါးအများစု လာမည့်လများတွင် ဈေး ကွက်အတွင်းပြတ်လတ်သည်အထိဖြစ်လာနိုင်

မြန်မာနိုင်ငံတွင် ပြည်ပမှတင်သွင်းရောင်းချသည့် နိုင်ငံ ခြားဆေးဝါးအများစု ဈေးနှုန်းများအဆမတန် မြင့်တက် နေသည့်အပြင်၊ လာမည့်လများတွင် ဈေးကွက်အတွင်းပြတ်လပ်သည်အထိဖြစ်လာနိုင် ကြောင်း ဈေးဆိုင်အ များစု၏ပြောကြားချက်အရသိရသည်။

" ကျမတို့ဆီအမြဲဆေးလာပို့တဲ့ကုမ္ပဏီက ဝန်ထမ်းတွေပြောတယ်။ နောက်သုံးလလောက်ဆိုရင်ကို ဆေးတချို့ပြတ်တဲ့အခြေအနေတစ်ခုဖြစ်နိုင်တယ်။ သူတို့ပြောတဲ့စကားပေါ့နော်။ အဓိကက ကုန်ပစ္စည်းတင်သွင်းရတဲ့နေ ရာမှာအရမ်းခက်ခဲနေကြတယ်လို့ပြေတယ်။ ဒေါ်လာဈေးတွေတက်တော့ သူတို့အနေနဲ့လည်း ကျမတို့ဆီပစ္စည်းပြန်ချတဲ့နေရာမှာ ငွေကြေးကုန်ကျမှုကများနေတယ်" ဟု ရန်ကင်းမြို့နယ်တွင်ဆေးဝါးပစ္စည်းဆိုင်ဖွင့်လှစ်ထားသည့်အမျိုးသမီးတစ်ဦးကပြောသည်။
စစ်အာဏာသိမ်းပြီးသည့်နောက်ပိုင်းမှစတင်ကာ မြန်မာ နိုင်ငံတဝှမ်းတွင် ပြောင်းလဲနေ သည့်မူဝါဒများကြောင့် ဆေးဝါးများအပြင်၊ လူသုံးကုန်ပစ္စည်းများ၊ နေအိမ်သုံးပစ္စည်းများကို နိုင်ငံခြားမှတဆင့်တင်သွင်းရန်ခက်ခဲနေသည့် အခြေအနေများကိုရင်ဆိုင်နေရခြင်းဖြစ်သည်။
" ပြီးခဲ့တဲ့လလယ်လောက်ကတည်းက အမတို့ဆေးခန်းမှာသုံးနေတဲ့ ဆေးတော်တော်များများ ကုမ္ပဏီကကို ပစ္စည်းလာမချတာ၊ တချို့ဆေးဆိုရင် လိုသလောက်ကို ဝယ်လို့မရတာ။ သူတို့ပြောတာက နိုင်ငံခြားဆေးတွေမကြာခင်မှာ လုံးဝပြတ်နိုင်တဲ့အနေအထားရှိနိုင်တယ်ပေါ့။ ဒါကလည်းစီးပွားရေး သမားတွေပြောတဲ့စကားလည်းဖြစ်နိုင်တယ်" ဟု သာကေတမြို့နယ်တွင်ကိုယ်ပိုင်ဆေး ခန်း ဖွင့်လှစ်ထားသည့် ဆရာဝန်တစ်ဦးကပြောသည်။
ဆေးခန်းတွင်ပုံမှန်ပေးနေကျ ဆေးများပြတ်လပ်နေသည့် အတွက် အမျိုးအစားတူ ဆေးများကိုသာ အစားထိုးပေးနေရကြောင်း၊ နာတာရှည်ရောဂါရှိသူ ၊သွေးတိုး၊ ဆီးချိုနှင့် ဘီပိုး၊ စီပိုး၊ ပန်းနာရင်ကြပ်ရောဂါသမားများနှင့် ဆေးမသောက်မဖြစ်သောက်နေရသည့် ပြည်သူ များအနေဖြင့် ဆေးအချို့ကိုကြိုတင်ဝယ်ထားသင့်ကြောင်း ၎င်းက ဆို သည်။
" ကျမအဖေအတွက်ဘီပိုးဆေး၊ အသဲဆေးကို လတိုင်းဝယ်ရတယ်။ အဖေကပန်းနာရင်ကြပ်လည်း ရှိတော့ရှူတဲ့ဆေးကအစတစ်လစာဝယ်ထားရတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကအမြဲဝယ်နေကျဆိုင်က ဆေးတွေကို ကြိုဝယ်ခိုင်းတယ်။ အရင်ကဆိုရင်တော့အဲဒီလိုကြိုမဝယ်ခိုင်းဘူး။ ကျမဝယ်တဲ့ဆေးကပြတ်လည်းပြတ်တတ်ပြီး၊ ဝယ်ရခက်လို့သူတို့ကကြိုဝယ်ခိုင်းတာ" ဟု ပန်းဆိုးတန်းဆေး ဆိုင်တွင် ပုံမှန်ဆေးဝယ်နေကျ အမျိုးသမီးတစ်ဦးကပြောသည်။
ဆေးဆိုင်တော်တော်များများတွင် ပုံမှန်ဝယ်နေကျနိုင်ငံ ခြားဆေးဝါးများပြတ်လတ်နေသည်မှာ တစ်လ ဝန်းကျင်ခန့်ရှိနေပြီး၊ အမျိုးအစားတူဆေးတချို့သာဝယ်ယူရရှိနိုင်သည့်အပြင် ပြည်တွင်းထုတ် ဆေးဝါးအချို့လည်းဝယ် ယူရန်ခက်ခဲနေကြောင်းသိရသည်။
လက်ရှိဆေးကုမ္ပဏီအချို့တွင်ဆေးဝါးမှတ်ပုံတင်ရာတွင် ဆေးဝါးတမျိုးလျှင်သက်တမ်း ၆ လသာပေးသည့် အ တွက်‌ဆေးဝါးတင်သွင်းရသည့်အခက်အခဲများကြုံတွေ့နေရကြောင်းသိရသည်။
ယခင်က ဆေးဝါးတင်သွင်းခွင့်ပါမစ်တင်ရာတွင် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနကိုသာ တင် ပြရသော်လည်း၊ ယခုနှစ်မှစတင်ကာ စစ်ကောင်စီ၏ လုပ်ငန်းကော်မတီဝန်ကြီးဌာန ၊ ကျန်းမာရေးဝန်ကြီးဌာန ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီအစရှိသည့်ဝန်ကြီးဌာနများကို အဆင့် ဆင့်တင်ပြရပြီး ၎င်းတို့ခွင့်ပြုမှသာတင်သွင်း ခွင့်ရကြောင်းသိရသည်။

Burma Associated Press

0 comments:

Post a Comment