Monday, September 5, 2022

ပွဲရုံဈေးမှာတင် မုံရွာကြက်သွန်နီတစ်ပိဿာ ကျပ် ၃၇၀၀ရှိလာပြီး လက်လီဈေးကွက်ထဲ တစ်ပိဿာကျပ် ၄၀၀၀ ကနေ ၅၀၀၀ လောက်ထိဈေးရှိနေ

ပြည်တွင်းဈေးကွက်ထဲ ကြက်သွန်နီအဝင်များပေမယ့် အဝယ်လိုက်နေလို့ မုံရွာ ကြက်သွန်နီ တစ်ဿာကို ကျပ် ၃၇၀၀ လောက်ထိ ဈေးကောင်းလာတယ်လို့ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်က သိရပါတယ်။

စက်တင်ဘာ ၅ ရက်နေ့မှာ ဘုရင့်နောင်ပွဲရုံကို ကြက်သွန်နီကား အစီးရေ ၃၃ စီးဝင်ရောက်ပြီး ဆိပ်ဖြူ တစ်ပိဿာကို ၂၇၀၀  ကနေ  ၃၄၀၀ ကျပ်နဲ့ မုံရွာ ကြက်သွန်နီ တစ်ပိဿာကို ကျပ် ၃၀၀၀ ကနေ ၃၇၀၀ ကျပ် ဝန်းကျင် ဈေးတန်းဖွင့်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ရန်ကုန်လက်လီဈေးကွက်အတွင်းမှာတော့ ကြက်သွန်နီအမျိုးအစားအလိုက် တစ်ပိဿာကို ကျပ် ၄၀၀၀ ကနေ ၄၅၀၀ ကြားမှာရှိနေပြီး ထားဝယ်မှာတော့ တစ်ပိဿာ ကျပ် ၅၀၀၀ လောက်အထိ ဈေးတက်လာသလို ဒေသအလိုက် လက်လီဈေးကွက်ထဲ တစ်ပိဿာ ကျပ် ၄၀၀၀ ကနေ ၅၀၀၀ ဝန်းကျင်မှာရှိတယ်လို့ သိရပါတယ်။

ပြည်တွင်းကြက်သွန်နီဈေးမြင့်တက်နေတာကို ထိန်းချုပ်နိုင်ဖို့ အရင်နှစ်တွေက အိန္ဒိယနိုင်ငံကတဆင့် ကြက်သွန်နီတွေကို တင်သွင်းလေ့ရှိပေမယ့် အခုနှစ်မှာတော့ တင်သွင်းချိန်ကာလနောက်ကျတဲ့အတွက် အပင်ထွက်လာနိုင်တဲ့အပြင် ပြည်တွင်းစိုက်ပျိုးမှုနှုန်းကို ထိခိုက်နိုင်တဲ့အတွက် တင်သွင်းမှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကတော့ ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၉ခုနှစ်က ကြက်သွန်နီလှောင်ထားကြတဲ့ ကုန်သည်တွေရဲ့ ဈေးဆွဲတင်မှုကြောင့် ဈေးနှုန်း စံချိန်တင်မြင့်တက်ခဲ့ပြီး စားသုံးသူတွေအခက်အခဲဖြစ်လာတဲ့အတွက်  အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ကနေ ကြက်သွန်နီတင်သွင်းဖို့ အသင်းက ဆုံးဖြတ်ခဲ့ကြကာ လက်ရှိ မတင်သွင်းဖို့ ဆုံးဖြတ်ထားပေမယ့် အိန္ဒိယက ကုန်သည်တွေကတော့ မြန်မာနိုင်ငံကို ကြက်သွန်နီ တင်ပို့မှု လုပ်ဆောင်ချင်ကြတယ်လို့ သိရပါတယ်။


MyanmaPlatform

0 comments:

Post a Comment