Tuesday, July 7, 2015

မြန်မာနိုင်ငံတစ်ဝန်း ဆဲဗင်းဇူလိုင်အောက်မေ့ဖွယ်အခမ်းအနားများ ကျင်းပ

ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) 

ကျောင်းသားသမဂ္ဂ အဆောက်အအုံဖြိုခွဲခံရပြီး ကျောင်းသားများ သွေးမြေကျခဲ့ရသည့် (၅၃) နှစ်မြောက် ဆဲဗင်းဇူလိုင်အောက်မေ့ဖွယ်အခမ်းအနားများကို မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ကြီးအချို့တွင် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများနှင့် နိုင်ငံရေးပါတီအချို့ ဦးဆောင်ကျင်းပခဲ့ကြသည်။ ပြည်မြို့၊ လမ်းရှည်လမ်းရှိ ၈၈ မျိုးဆက်ကျောင်းသားများ (ငြိမ်း/ပွင့်)ရုံးတွင် ပြည်တက္ကသိုလ်နှင့် ပြည်နည်းပညာတက္ကသိုလ်မှကျောင်းသား၊ ကျောင်းသူများက ဆဲဗင်းဇူလိုင်အထိမ်းအမှတ်အဖြစ်အောက်မေ့ဖွယ် ကဗျာရွတ်ခြင်း၊ အမှတ်တရစကားပြောခြင်းနှင့် မိုးပျံပူဖောင်းများ လွှတ်တင်ခြင်းတို့ ပြုလုပ်ခဲ့သည်။

‘‘ကျောင်းသားသမဂ္ဂ အ ဆောက်အအုံ ဖြိုခွဲခံရတာတွေ၊ ကျောင်းသားတွေ သွေးစွန်းခဲ့တဲ့ နေ့ကို မမေ့စေလိုတဲ့ ရည်ရွယ် ချက်နဲ့ ပြုလုပ်ပါတယ်။ ဒါမျိုးတွေ နောင်မှာ မဖြစ်စေချင်ဘူး။ ဒီနေ့ မှာ လွတ်လပ်တဲ့ ကျောင်းသားသ မဂ္ဂတွေ ဖွဲ့စည်းခွင့်ရချင်တယ်။ ကျောင်းသား၊ ကျောင်းသူတွေ ဆန္ဒဖော်ထုတ်တဲ့အခါ အကြမ်း ဖက်နှိမ်နင်းတာတွေ မပြုလုပ်ကြ ဖို့ တောင်းဆိုပါတယ်’’ဟု ပြည် တက္ကသိုလ်မှ ကျောင်းသားတစ်ဦး က ပြောသည်။

ရွှေတောင်မြို့တွင်လည်း လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရုံး၌ ပြည်ခရိုင်လုံးဆိုင်ရာ ဆဲဗင်းဇူလိုင်အထိမ်းအမှတ်ပွဲ ကျင်းပရာ ပေါင်းတည်၊ ပန်းတောင်း၊ ပြည်နှင့် ပေါက်ခေါင်း မြို့နယ်များမှ လူ့ဘောင်သစ်ပါတီဝင်များ၊ ဒီချုပ်ပါတီဝင်များ၊ဗက သကျောင်းသားများနှင့် သခင်ကိုယ်တော်မှိုင်းကွန်ရက်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။

မုံရွာရှိ မုံရွာတက္ကသိုလ်၊ မုံ ရွာစီးပွားရေးတက္ကသိုလ်နှင့် မုံရွာ နည်းပညာတက္ကသိုလ်တို့တွင် လည်း တက္ကသိုလ်ကျောင်းသား သမဂ္ဂ(တကသ)ကွန်ရက်က ဦးစီး ၍ ဆဲဗင်းဇူလိုင်အောက်မေ့ဖွယ် အခမ်းအနားနှင့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။ အခမ်းအနား ကို မုံရွာတက္ကသိုလ်ဘွဲ့နှင်းသဘင် အခမ်းအနားရှေ့တွင် ကျင်းပခွင့် မရ၍ တက္ကသိုလ်ပင်မ၀င်ပေါက် ရှေ့၌ ကျင်းပခဲ့ကြပြီး မုံရွာစီးပွားရေးတက္ကသိုလ်ဝင်းအတွင်း ဆဲဗင်းဇူလိုင်အောက်မေ့ဖွယ် အထိမ်းအမှတ်စတစ်ကာ ကမ်ပိန်းလှုပ်ရှားမှုများ ပြုလုပ်ခဲ့ ကြသည်။ ထို့အပြင် (၅၃) နှစ် မြောက် ဆဲဗင်းဇူလိုင်အရေးတော် ပုံထုတ်ပြန်ကြေညာချက်နှင့် မုံရွာဆရာသမဂ္ဂသ၀ဏ်လွှာတို့ ဖတ်ကြားခဲ့ပြီး မိုးပျံပူဖောင်း ၅၃ လုံးကိုလွှတ်တင်ခြင်း၊ နှင်းဆီပန်းပွင့်များ ချ၍ ဂါရ၀ပြုခြင်းတို့ ပြုလုပ်ခဲ့သည်။

‘‘တက္ကသိုလ်ရှိရင် တက္က သိုလ်ကျောင်းသားသမဂ္ဂရှိပါ တယ်။ ကျောင်းသားသမဂ္ဂ အဆောက်အအုံပြန်လည်တည် ဆောက်ပေးပါ။ တက္ကသိုလ်တိုင်း မှာ တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံမရှိရင်တောင် တက္ကသိုလ်ကျောင်းသားသမဂ္ဂ အခန်းတစ်ခန်းတော့ ထားရှိပေး ဖို့ တောင်းဆိုချင်ပါတယ်’’ဟု မုံရွာ တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တကသ) အဖွဲ့မှ ကိုဝေမိုးနိုင်က ပြောကြားသည်။

ထို့ပြင် ထားဝယ်မြို့တွင်လည်း ဆဲဗင်းဇူလိုင် (၅၃) နှစ်ပြည့်နှင့် ထားဝယ်ခရိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂဖွဲ့စည်း ခြင်း သုံးနှစ်ပြည့်အထိမ်းအမှတ် အဖြစ် ကျောင်းသားများ မောင်း မကန်ကမ်းခြေ၌ စုပေါင်းအမှိုက်ကောက်ခဲ့ကြောင်း သတင်းရရှိ သည်။

‘‘ဆဲဗင်းဇူလိုင်ဟာ ကျောင်း သားတွေရဲ့ အမှတ်တရဖြစ်စေ မယ့် နေ့တစ်နေ့ပါ။ ဒါကြောင့် ကျောင်းသားတွေ စုပေါင်းပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးမှု လျော့နည်းနိုင်အောင် ရည်ရွယ် ချက်နဲ့ ထားဝယ်ရဲ့ အထင်ကရ နေရာဖြစ်တဲ့ မောင်းမကန်ကမ်း ခြေတစ်လျှောက်မှာ စုပေါင်းအမှိုက်ကောက်ကြတာပါ’’ဟု ထားဝယ်ခရိုင်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထို့ပြင် ဆဲဗင်းဇူလိုင်အခမ်း အနားကျင်းပရသည့် အကြောင်း ရင်းကို ကျောင်းသားများ ပိုမို သိရှိလာစေရန် ဇူလိုင်လဆန်း တွင် ကျောင်းများ၌ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ခြင်း ကြောင့် အောက်မေ့ဖွယ်အခမ်းအ နားကျင်းပရာတွင် ကျောင်းသား အင်အားတိုးလာကြောင်း ထား ၀ယ်နည်းပညာတက္ကသိုလ်မှ ကို သော်လွင်အောင်က ပြောကြား သည်။

မကွေးမြို့တွင်လည်း ဗကသ(မြေလတ်ဒေသ)၊ ပြည်၊ မကွေး၊ရေနံချောင်းနှင့် ချောက်မြို့တို့မှကျောင်းသားများ စုစည်း၍ ဆဲဗင်းဇူလိုင် အမှတ်တရအခမ်းအနားများ ကျင်းပခဲ့ကြသည်။

‘‘ဒီအခမ်းအနားက ၀မ်း နည်းခြင်းအထိမ်းအမှတ်အခမ်း အနားပဲ။ ဆဲဗင်းဇူလိုင်က သူတို့ ရဲ့ သွေးတွေက မခြောက်သေး ဘူး။ သူတို့ရဲ့ ၀ိညာဉ်တွေက လည်း တာဝန်ထမ်းဆောင်နေဆဲ ပဲ။ သူတို့ထားခဲ့တဲ့ မြင့်မြတ်တဲ့ တာဝန်တွေကို ကျွန်တော်တို့က ဆက်ပြီး တာဝန်ထမ်းဆောင်ရ မယ်’’ဟု ချောက်မြို့ ဗကသဥက္ကဋ္ဌ ကိုသက်မှူးလွင်က ပြောသည်။

7Day Daily

0 comments:

Post a Comment