Wednesday, May 23, 2018

အစိုးရ၀န်ထမ်း တစ်သိန်းကျော် အလုပ်လက်မဲ့ဖြစ်မည့် ပြင်သစ်သမ္မတ ပေါ်လစီကို ဆန္ဒပြရာ ရဲနှင့် ထိပ်တိုက်တွေ့မှုများ ဖြစ်ပွား


ပြင်သစ်သမ္မတ မက်ခရွန်၏ အဆိုပြုလာသော ပေါ်လစီများသည် အစိုးရ၀န်ထမ်း တစ်သိန်းကျော်ကို အလုပ်လက်မဲ့ဖြစ်စေမည်ဟု ရှုတ်ချလျက် ပါရီမြို့တွင် မေ ၂၂ ရက်က ကြီးမားသည့် လူအုပ်ကြီးက ဆန္ဒပြမှုများ ဖြစ်ပွားရာ ရဲနှင့် ထိပ်တိုက်တိုးမှုများ ဖြစ်ပွားပြီး ဖမ်းဆီးထားသူ အနည်းဆုံး ၁၇ ဦး ရှိခဲသည်။


ပါရီရဲဌာနမှ ပြောခွင့်ရသူတစ်ဦးက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများကြား တင်းမာမှုများ မြင့်တက်နေပြီး ပိုမို၍ ထိပ်တိုက်တွေ့မှုများ ဖြစ်နိုင်ခြေကြောင့် ဖမ်းဆီးသူဦးရေ တိုးလာနိုင်သည်ဟု အီးပီအေသို့ ပြောသည်။

ထိပ်တိုက်တိုးမှုများနှင့် ပစ္စည်းပစ္စယများ ဖျက်ဆီးခြင်းတို့ကို ကျူးလွန်သော လူ ၂၀၀ ခန့်က ၎င်းတို့ကို မမှတ်မိအောင် ခေါင်းစွပ်အင်္ကျီများနှင့် မျက်နှာဖုံးများ တပ်ဆင်ထားကြကြောင်း ယင်းရဲသတင်းရင်းမြစ်က ပြောသည်။

ဆန္ဒပြသူများကို အသည်းအသန် ထိန်းသိမ်းရင်ဆိုင်နေရသည့် ရဲတပ်ဖွဲ့က ရော်ဘာတုတ်များ သုံးကာ ဖမ်းဆီးဆွဲခေါ်ခြင်းများကိုလည်း မြင်တွေ့ရသည်။

ပါရီမြို့တွင်း ဆန္ဒပြမှုများတွင် လူအင်အား ၁၅၀၀၀ ခန့်ရှိမည် ခန့်မှန်းပြီး နိုင်ငံအနှံ့ ဆန္ဒပြမှုများ ဆင်နွှဲရန်လည်း ဆော်သြကြသည်။ ၂၀၂၀ မတိုင်မီ အစိုးရလုပ်ငန်းကဏ္ဍအချို့အား ပုဂ္ဂလိကဖြင့် အစားထိုးမည်ဖြစ်ရာ အစိုးရအလုပ်အကိုင်ပေါင်း ၁၂၀၀၀၀ အလုပ်လက်မဲ့ဖြစ်ရမည့် မက်ခရွန်၏ စီမံချက်များကို ရှုတ်ချကာ ဆန္ဒပြမှုများသည် အောက်တိုဘာလမှ စတင်ဖြစ်ပွားပြီး ယခုအကြိမ်သည် သုံးကြိမ်မြောက်ဖြစ်သည်။

Mizzima - News in Burmese

0 comments:

Post a Comment