Monday, May 28, 2018

ကျောင်းကား ကြီးကြပ်သူ အမျိုးသမီး ၁၀၀ ခန့်မည်

တိုင်းအစိုးရက ယခုပညာသင်နှစ်တွင် ဝင်ရောက်ပြေးဆွဲမည့် ကျောင်းကားတွင် ကြီးကြပ်သူ အမျိုးသမီး ၁၀၀ ခန့်အပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA (ကျောင်းကားစိစစ်ကြီးကြပ်ရေးအဖွဲ့) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

School Bus အမည်နှင့် ကျောင်းကားပြေးဆွဲရာတွင် ယာဉ်ပေါ်တွင် ကျောင်းသူ၊ ကျောင်းသားများ၏ လုံခြုံရေးအပါအဝင် ယာဉ်ကြီးကြပ်သူအဖြစ် တာဝန်ထမ်းဆောင်ရန် အမျိုးသမီးများကို ခန့်အပ်ခြင်းဖြစ်သည်။

“ကျောင်းကားအတွက် ယာဉ်မောင်းအဖြစ် အမျိုးသမီး လာလျှောက်တာနည်းတယ်။ ယာဉ်ကြီးကြပ်မယ့် တာဝန်အတွက်တော့ ၁၀၀ ကျော် လျှောက်ထားတယ်”ဟု ၎င်းက ဆိုသည်။

တိုင်းအစိုးရမှ ဝယ်ယူထားသည့် ယာဉ်စီးရေ ၂၀၀ အနက် အစီးရေ ၁၀၀ ခန့်ကို ဇွန်လကျောင်းဖွင့်ချိန်တွင် ကမာရွတ် TTC ကျောင်းတွင် ထည့်သွင်းပြေးဆွဲမည်ဖြစ်ပြီး ယာဉ်မောင်း ၁၀၀ နှင့်ယာဉ်ကြီး ကြပ်သူအမျိုးသမီး ၁၀၀ ခန့်အပ်မည်ဖြစ်သည်။

ကျောင်းကားတွင် တာဝန်ထမ်းဆောင်ရန် အမျိုးသမီးယာဉ်မောင်းအဖြစ် ခုနစ်ဦး၊ ယာဉ်ကြီးကြပ်သူ အမျိုးသမီး ၁၁၇ ဦး၊ အမျိုးသားယာဉ်မောင်း ၂၀၀ ဦးကျော် လျှောက်ထားမှုရှိပြီး လူတွေ့အင်တာဗျူး ဆောင်ရွက်နေကြောင်း YRTA ထံမှ သိရသည်။

YRTA ၏ ကြီးကြပ်မှုဖြင့် ယာဉ်မောင်းနှင့် ယာဉ်ကြီးကြပ်သူများကို မေလ ၁၁ ရက်မှ မေလ ၂၀ ရက် နောက်ဆုံးထား လျှောက်လွှာခေါ်ခဲ့ပြီး တာဝန်ထမ်းဆောင်သူများအနေနှင့် ပညာအရည်အချင်း အနည်းဆုံး ခုနစ်တန်းအောင်မြင်သူ၊ ယာဉ်မောင်း အသက် ၃၀ နှစ်မှ ၅၅ နှစ်အထိ၊ ယာဉ်ကြီးကြပ်သူအမျိုးသမီး အသက် ၂၀ နှစ်မှ ၃၅ နှစ်အထိနှင့် ယာဉ်မောင်းသူမှာ အနိမ့်ဆုံး (ဃ) လိုင်စင်ရှိရမည်ဖြစ်ကြောင်း Yangon Reagion Transport Authority က စည်းကမ်းသတ်မှတ်ထားသည်။

တိုင်းအစိုးရ၏ကျောင်းကားမှာ School Bus အဖြစ် အမည်တပ်ဆင်ထားမည်ဖြစ်ပြီး ကျောင်းအုပ်ချုပ်မှုအောက်မှ ပြေးဆွဲမည့်ယာဉ်မှာ School Ferry အဖြစ် ခွဲခြားပြေးဆွဲမည်ဖြစ်ကာ ကမာရွတ် TTC ကျောင်းကို တိုင်းအစိုးရမှ ကျောင်းကားစီးရေ ၈၀ ချထားပေးကြောင်း School Bus ကားကို တာဝန်ယူထားသူ မိဘဆရာအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် တိုင်းအစိုးရ၏ အများပိုင်ကုမ္ပဏီဖွဲ့ကာ ကျောင်းကားပြေးဆွဲခြင်းအစီအစဉ်ကို ဆိုင်းငံ့ထားပြီး ယခုနှစ်တွင် ကမာရွတ် TTC မှလွဲ၍ ကျန်ကျောင်း ၁၇ ကျောင်းမှာ မူလအတိုင်း ပုဂ္ဂလိကကျောင်းကားများဖြင့်သာ ကျောင်းကြို၊ ပို့ပြေးဆွဲမည်ဖြစ်သည်။ 

The Voice

0 comments:

Post a Comment