Thursday, May 31, 2018

တယ်လီနော တာဝါတိုင်မှ ဘက်ထရီအိုး ၂၄ လုံး ခိုးယူသူများ ဖမ်းမိ


မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် လိပ်တက်ရွာအနီး သဲတော-ရွှဲသီးလမ်းဘေးရှိ တယ်လီနော ဆက်သွယ်ရေး တာဝါတိုင်မှ ဘက်ထရီအိုး ၂၄ လုံးအား အိမ်စီးကားငယ် ၂ စီးနဲ့ လာခိုးသူတွေကို မေ ၃၁ ရက်ညနေက ဖမ်းမိတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။

ဝမ်းတွင်းမြို့မ ရဲစခန်း ဒုရဲအုပ်ဝင်းဇေယျာဦးက “မြို့နယ်ရဲတပ်ဖွဲ့နဲ့ ယာဉ်ထိန်းတပ်ဖွဲ့တို့ ပူးပေါင်းဖမ်းတာပါ။ ဧရာဝတီဂရင်းတာဝါကုမ္ပဏီရဲ့ တာဝါတိုင်မှာ တယ်လီနောက ငှားသုံးရတာပါ။ တာဝါတိုင်မှာ AGISSON စာတန်းပါတဲ့ ဘက်ထရီ ၄၈ လုံး တပ်ဆင်ထားတာကို လူငယ် ၄ ဦး အိမ်စီးကား ၂ စီးနဲ့လာပြီး ဘက်ထရီ ၂၄လုံးဖြုတ်ခိုးတာ ဖမ်းမိတာပါ” လို့ ပြောပါတယ်။

ယာဉ်ထိန်းရဲတပ်ကြပ် ကျော်ဝင်းလွင်က “တာဝါတိုင်တွေကို လကုန်ရက် စက်သုံးဆီ လိုက်ဖြည့်တဲ့သူက ကား ၂ စီးနဲ့ ဘက်ထရီတွေ ခိုးသွားတယ်၊ ကားနံပါတ်ပြောပြတယ်၊ တားပြီးဖမ်းပေးပါဆိုပြီး ဖုန်းဆက်လာတယ်။ မြို့မစခန်းက ရဲတွေရယ်၊ ရွှေတောင်ရွာရဲစခန်းက ရဲတွေနဲ့ အဲဒီကား ၂ စီးနောက်လိုက်တယ်။ ကူမဲရောက်တော့မှ ဖမ်းမိတယ်” လို့ ပြောပါတယ်။

ဧရာဝတီဂရင်းတာဝါကုမ္ပဏီမှ အင်ဂျင်နီယာ ဦးရာဇာမင်းက “တာဝါတိုင်က ဘက်ထရီဖြုတ်တာ သိပ်အန္တရာယ်ကြီးပါတယ်၊ ကျွမ်းကျင်မှဖြစ်မယ်။ ဆက်ကြောင်း ပြတ်တောက်တာ ချက်ချင်းမသိအောင် ဝါယာတွေ ပြန်ဆက်ပေးရတာ။ မှားသွားရင် အသက်ဆုံးရှုံးနိုင်တယ်၊ ဘက်ထရီတလုံးကို ၆ သိန်းခွဲတန်ပါတယ်။ ၂၄ လုံးဆိုတော့ ၁၅၆ သိန်းတန်တာပေါ့” လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့နယ်တခုလုံးမှာ ဧရာဝတီဂရင်းတာဝါကုမ္ပဏီပိုင် ဆက်သွယ်ရေးတာဝါတိုင် ၂၄ တိုင် ရှိပါတယ်။ ဘက်ထရီ ခိုးယူသူ သီဟအောင်၊ ‎သက်ဇော်အောင်၊ ကျော်သူရ၊ မြတ်မင်းသူ‎တို့ ၄ ဦးကို ဝမ်းတွင်းမြို့မရဲစခန်းမှာ ခိုးမှု၊ ‎အားပေးကူညီမှု ရာဇသတ်ကြီးပုဒ်မ ၃၈၀/၁၁၄ နဲ့ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။

‎သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
DVB

0 comments:

Post a Comment