Monday, May 28, 2018

ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးတွင် ဂိုးပိုက်ကွန်အား အမှတ်တရအဖြစ် မာဆယ်လို ဖြတ်တောက်ယူဆောင်ခဲ့


ရီးရဲမက်ဒရစ်အသင်းခံစစ်မှူး မာဆယ်လိုသည် ၂၀၁၇-၁၈ ခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲအပြီးတွင် အမှတ်တရ အဖြစ် ဂိုးတိုင်မှ ပိုက်ကြိုးအချို့ကို ဖြတ်တောက်ယူဆောင်ခဲ့ကြောင်း သိရသည်။

ဘရာဇီးဘယ်တောင်ပံခံစစ်မှူး မာဆယ်လိုသည် သူ၏ ရင်သွေးနှစ်ဦးနှင့်အတူ ဂိုးပိုက်အချို့ကို ဖြတ်တောက်ယူဆောင်ခဲ့ခြင်းဖြစ်သည်။ မာဆယ်လိုသည် ရီးရဲမက်ဒရစ်အသင်းက လီဗာပူးအသင်းအား ၃-၁ ဂိုး ဖြင့် အနိုင်ရရှိခဲ့သော ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရီးရဲအသင်းအတွက် အနိုင်ဂိုးနှစ်ဂိုးအား ဂါရတ်ဘေးလ် သွင်းယူနိုင်စေရန် ဖန်တီးပေးနိုင်ခဲ့သူဖြစ်သည်။ အသက် ၃၀ နှစ်အရွယ်ရှိ မာဆယ်လိုသည် ချန်ပီယံလိဂ်ဆုဖလားကို လေးကြိမ် ရရှိထားသူဖြစ်သည်။

၂၀၁၄-၁၅ ခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဂျူဗင်တပ်အသင်းအား ဘာစီလိုနာအသင်းက အနိုင်ရရှိခဲ့ပြီးနောက် ဘာစီလိုနာအသင်း ခံစစ်မှူး ဂျရတ်ပီကေးသည်လည်း ဂိုးပိုက်တစ်ခုလုံးအား အမှတ်တရအဖြစ် ယူဆောင်သွားခဲ့ဖူးသည်။ သို့သော်လည်း ပီကေးသည် စပိန်လက်ရွေးစင်အသင်းအတွက် သွားရောက်ကစား နေစဉ် သူငယ်ချင်းတစ်ဦး၏ မင်္ဂလာပွဲသို့ တက်ရောက်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် သူငယ်ချင်းဖြစ်သူအား အဆိုပါ ဂိုးပိုက်ကွန်ကို မင်္ဂလာလက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်ဟု ဆိုသည်။

မာဆယ်လိုသည် သူ၏ တစ်နိုင်ငံတည်းသားဖြစ်သူ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာအား ရီးရဲအသင်းသို့ ပြောင်းရွှေ့လာရန် တိုက်တွန်းပြောဆိုခဲ့သည်။ “ထိပ်တန်းကစားသမားတိုင်းက ရီးရဲမက်ဒရစ်အသင်းမှာ လာရောက်ကစားကြပါတယ်။ နာမည်ကျော်ကစားသမားတွေ အနေနဲ့ ရီးရဲမှာ လာကစားဖို့ လိုတယ်”ဟု မာဆယ်လိုက ပြောဆိုခဲ့သည်။ နေမာသည် ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ရီးရဲမက်ဒရစ်အသင်း၏ အဓိကပြိုင်ဘက်ဖြစ်သော ဘာစီလိုနာ အသင်းတွင် ပါဝင်ကစားခဲ့ဖူးသူဖြစ်သည်။

အကုန်သိ သတင်းဌာန

0 comments:

Post a Comment