Thursday, May 31, 2018

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်ဝင်ခွင့် ဆယ်တန်းရမှတ်ဖြင့်သာ ရွေးမည်

လှိုင်တက္ကသိုလ်နယ်မြေရှိ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ ယခုနှစ်ကျောင်းဝင်ခွင့်ကို တက္ကသိုလ်ဝင် စာမေးပွဲ (ဆယ်တန်း) ရမှတ်ဖြင့်သာ ရွေးချယ် မည်ဖြစ်ကြောင်း ယင်းတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာစောစန္ဒာအေးက ပြောကြားသည်။

တက္ကသိုလ်ဝင်ခွင့် တိုက်ရိုက်လျှောက်ထားနိုင်မည့် တက္ကသိုလ် ၁၁ ခုတွင် ယင်းတက္ကသိုလ်လည်း တစ်ခုအပါ အဝင်ဖြစ်သည်။ သို့သော် လူတွေ့စစ်ဆေးမှု ပြုလုပ်မည်မဟုတ်ဘဲ တက္ကသိုလ်ဝင်စာမေးပွဲ ဆယ်တန်းရမှတ်ဖြင့်သာ ရွေးမည်ဖြစ်သည်။

ယင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစောစန္ဒာအေးက “အင်တာဗျူးမေးမယ်ဆိုရင် လူတွေထင်နေကြသလိုမလို လားအပ်တဲ့ပြဿနာတွေ ဖြစ်မှာစိုးလို့ အင်တာဗျူးရော ရေးဖြေရော မလုပ်တော့ဘူးပေါ့နော်” ဟု ပြောကြားသည်။

တက္ကသိုလ်ဝင်ခွင့်ကို ယခင်နှစ်ကဲ့သို့ ဆယ်တန်းစာမေးပွဲရမှတ် ၄၅၀ နှင့်အထက် ရရှိသူများ တိုက်ရိုက်လျှောက်ထားနိုင်မည်။ လျှောက်ထားသည့်ကျောင်းသား၊ ကျောင်းသူများအနက်မှ အမှတ်အများ ဆုံး ၂၀၀ ဦးကို ရွေးချယ်ကာ တက်ခွင့်ပြုမည် ဖြစ်သည်။

တက္ကသိုလ်ဝင်ခွင့်ရသူများစာရင်း ထုတ်ပြန်ပေးမည်ဖြစ်ပြီး အရန်ဝင်ခွင့်ရသူများစာရင်းကိုလည်း တစ်ခါတည်းထုတ်ပြန်မည်။ ဝင်ခွင့်ရသူများအနေနှင့် သီတင်းတစ်ပတ်အတွင်း ကျောင်းမအပ်လျှင် အရန်ဝင်ခွင့်ရသူများကို အစားထိုးတက်ခွင့်ပြုမည်။

တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာတွင် ယခင်နှစ်များက တက္ကသိုလ်ဝင်စာမေး ပွဲအောင်မြင်သူများကို လက်ခံမည်မဟုတ်ဘဲ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများကိုသာ လျှောက်လွှာ လက်ခံမည်ဖြစ်ကြောင်း ယင်းတက္ကသိုလ်ထံမှ သိရှိရသည်။

တက္ကသိုလ်ဝင်ခွင့် လျှောက်ထားလို သူများအနေနှင့် လျှောက်လွှာများကို တက္ကသိုလ်ဝက်ဘ်ဆိုက် www.uit.edu.com နှင့် ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက် www.myanmar-education.edu.mm တို့မှ ရယူလျှောက်ထားနိုင်မည်ဖြစ်သည်။

ယခုနှစ် တက္ကသိုလ်တက်ခွင့်ရပြီး ကျောင်းအပ်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများကို အခြားတက္ကသိုလ်များသို့ ပြောင်းရွှေ့တက်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း အဆိုပါတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ စောစန္ဒာအေးက ပြောကြားသည်။

အဆိုပါတက္ကသိုလ်သည် ယခင်က ဗဟန်းမြို့နယ်တွင် ဖွင့်လှစ်ခဲ့သော်လည်း ယခုနှစ် ဇန်နဝါရီလဆန်းမှစ၍ လှိုင်တက္ကသိုလ် နယ်မြေသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။

ယင်းတက္ကသိုလ်ကို ၂၀၁၂ ခုနှစ်အထိ ကွန်ပျူတာတက္ကသိုလ် (ဗဟန်းနယ်မြေ) အမည်ဖြင့် ဖွင့်လှစ်ခဲ့သည်။ သို့သော် ၂၀၁၅ ခုနှစ်တွင် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ကာ အမည်ပြောင်းလဲဖွင့်လှစ်ခဲ့သည်။


The Voice

0 comments:

Post a Comment