Tuesday, May 29, 2018

စပါးစိုက်ပျိုးထုတ်လုပ်မှုတွင် မြန်မာ့လုပ်သား ကုန်ထုတ်စွမ်းအားမှာ အိန္ဒိယ၏ သုံးပုံတစ်ပုံနှင့် ထိုင်း၏ လေးရာခိုင်နှုန်းထက်ပင် နည်းနေပြီး တောင်သူများ၏ ၀င်ငွေမှာ နိမ့်ပါးကာ လယ်ယာလုပ်သားဈေးကွက် ပုံပျက်ပန်းပျက်ဖြစ်နေဟု ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြ


မြန်မာနိုင်ငံ၏ စပါးစိုက်ပျိုးထုတ်လုပ်မှုတွင် မြန်မာလုပ်သားများ၏ ကုန်ထုတ်စွမ်းအားမှာ အိန္ဒိယနိုင်ငံ၏ သုံးပုံတစ်ပုံနှင့် ထိုင်းနိုင်ငံ၏ လေးရာခိုင်နှုန်းထက်ပင် နည်းနေသေးပြီး ယင်းအချက်ကိုကြည့်ခြင်းအားဖြင့်  တောင်သူများအတွက် ၀င်ငွေမှာနိမ့်ပါးပြီး လယ်ယာလုပ်သားဈေးကွက်မှာ ပုံပျက်ပန်း ပျက်ဖြစ်နေကြောင်း မေ ၂၈ ရက်က ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်တွင် ကမ္ဘာ့ဘဏ်မှ ကြီးမှူးကျင်းပသည့်  MYANMAR’s FUTURE JOBSး EMBRACING MODERNITY ထုတ်ပြန်ပွဲမှ သိရသည်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် အလုပ်အကိုင်စုစုပေါင်း၏ ၁၆ ရာခိုင် နှုန်းအထိ ရှိသည်။ အလုပ်သမားများသည် ရာသီအချိန်တွင် လုပ်သားမလုံလောက်သည်အထိ လိုအပ်ချက်ရှိသော်လည်း လုပ်ခလစာရရှိမှုမှာ အလွန်နည်းပါးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ရာသီဥတုနှင့် အခြားသဘာဝဘေးအန္တရာယ်များနှင့် ယင်းတို့ကို ကာကွယ်ထားသည့် အာမခံမရှိခြင်းတို့ကလည်း အဆိုပါအလုပ်သမားများ၏ မရေရာမှုကို ပိုမိုထင်ရှားစေကြောင်း သိရသည်။

“လယ်ယာကဏ္ဍမှာက သုံးလလောက်ပဲ အလုပ်လုပ်လို့ရမယ်။ ကျန်တဲ့အချိန်တွေ အလုပ်မရှိဘူး။ ဒါတွေအတွက် နောက်ထက် စိုက်ပျိုးနိုင်မယ့် နည်းလမ်းတွေရှာရမယ်” ဟု မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က သုံးသပ်ပြောကြားသည်။

ပြည့်စုံသည့် လယ်ယာစိုက်ပျိုးရေးတန်ဖိုး ကွင်းဆက်များတွင် အသေးစားကုန်ထုတ်လုပ်သူများ တိုးပွားလာစေရန်၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းပီပြင်စေရန်နှင့် ချိတ်ဆက်မိစေရန်အတွက် ပြည့်စုံလုံလောက်သည့် ဈေးကွက်များမရှိခြင်း၊ သတင်းအချက်အလက် ပြတ်တောက်ခြင်း၊ အခြေခံအဆောက်အအုံမရှိခြင်း (သို့မဟုတ်) အားနည်းခြင်းစသည်တို့၌ လိုအပ်ချက်များ ရှိနေသေးကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုတန်ဖိုး (GDP) ၏ ၃၀ရာခိုင်နှုန်းခန့်ကို လယ်ယာကဏ္ဍမှ ရရှိသော်လည်း တောင်သူလယ်သမားအများစုမှာ လူမှုစီးပွားနိမ့်ကျနေသဖြင့် လယ်ယာထွက်ကုန်သီးနှံများကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချသည့် စနစ်ဖြစ်သော နိုင်ငံတကာဈေးကွက်များ ပေါ်ပေါက်လာရေးအတွက် စနစ်တကျ စီမံဆောင်ရွက်နေပြီဖြစ်ကြောင်း ၂၀၁၈ ခုနှစ် မတ် ၂ ရက်တွင်ကျရောက်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ယခင်နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့သည့် သ၀ဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း လာမည့်နှစ်အနည်းအငယ်အတွင်း တိုးပွားလာမည့် လူဦးရေအတွက် နိုင်ငံ၏ စားနပ်ရိက္ခာလုံခြုံ စိတ်ချရရုံသာမက နိုင်ငံတကာဈေးကွက်သို့ ပိုမိုတိုးတက် တင်ပို့ရောင်းချနိုင်ရေး ရည်မှန်းချက်ဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့် အားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုက်ပျိုးရေးထွက်ကုန်များ ဈေးကောင်းရရှိရေးနှင့် အခြေခံစိုက်ပျိုးထုတ်လုပ်ကြသည့် တောင်သူလယ်သမားများ ၀င်ငွေတိုးတက်ရရှိစေရန် နိုင်ငံတကာဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့နိုင်ရန် နိုင်ငံတကာအဆင့်မြင့် ဆန်စက်နှင့် ဆီစက်များ၊ သစ်သီးဝလံ အဆင့်မြင့်သန့်စင်စက်နှင့် ခေတ်မီထုပ်ပိုးစက်များဖြင့် ထုတ်လုပ်တင်ပို့ရောင်းချနိုင်ရေး လုပ်ငန်းစဉ်ကိုလည်း အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဆန်စပါး ထုတ်လုပ်မှုတွင် နိုင်ငံ၏ စာနပ်ရိက္ခာဖူလုံသည်သာမက ပြည်ပသို့ ဆန်တန်ချိန် သုံးသန်းအထိ တင်ပို့ရောင်းချနိုင်ခဲ့သဖြင့် နှစ်ပေါင်း ၇၀ အတွင်း စံချိန်သစ်တစ်ရပ် တင်နိုင်ခဲ့ပြီဖြစ်ကြောင်း နိုင်ငံတောသမ္မတက ထည့်သွင်းပြောကြားခဲ့သည်။

ဇေယျာငြိမ်း
Eleven Media Group

0 comments:

Post a Comment