Tuesday, May 29, 2018

ပဲခူးတွင် ဒီမိုကရေစီ အထိမ်းအမှတ် ကျောက်တိုင်စိုက်ထူမည်


ပဲခူးတိုင်း ပဲခူးမြို့နယ် ဟံသာဝတီ ရပ်ကွက်ကျောက်တွင်းကုန်းလမ်းဆုံ ဖက်တန်းရပ်ရှိ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ပန်းခြံတွင် ဒီမိုကရေစီ အထိမ်းအမှတ် မော်ကွန်းကျောက်တိုင်တစ်ခုကို လာမည့် ရှစ်လေးလုံး တော်လှန်ရေးနေ့ (ဩဂုတ် ၈ ရက်)အမီ စိုက်ထူမည်ဖြစ်ကြောင်း အဆိုပါ ကျောက်တိုင်စိုက်ထူရေး ကော်မတီထံမှ သိရသည်။

“ခေတ်အဆက်ဆက် ဒီမိုကရေစီ တော်လှန်ရေးမှာ ကျဆုံးခဲ့ကြသူတွေအတွက် စိုက်ထူဖို့လုပ်တာပါ။ မြေနေရာကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ချထားပေးခဲ့ပြီး လိုအပ်ငွေကိုတော့ အများဝိုင်းဝန်း လှူဒါန်းငွေနဲ့ လုပ်ဆောင်မှာပါ”ဟု ကျောက်တိုင်စိုက်ထူရေး ကော်မတီမှ ဦးဘိုတောက်က ပြောကြားသည်။

အဆိုပါ အထိမ်းအမှတ် မော်ကွန်းကျောက်စာတိုင်ကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ခန့်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ပဲခူးတက္ကသိုလ်အနီး မြေနေရာချထားပေးခဲ့သော်လည်း နောက်ပိုင်းတွင် မြေနေရာ ဂရန် အမည်ပေါက်ရှိသည်ဟုဆိုပြီး ဖက်တန်းရပ်သို့ ရွှေ့ပြောင်းချထားပေးခဲ့ခြင်းဖြစ်သည်။

ပဲခူးမြို့ ဒီမိုကရေစီ အထိမ်းအမှတ် မော်ကွန်ကျောက်စာတိုင် စိုက်ထူနိုင်ရန် မြေနေရာ ရှင်းလင်းခြင်းများ စတင်ပြုလုပ်နေပြီဖြစ်ပြီး ဩဂုတ်လ ၈ ရက်နေ့အမီ စိုက်ထူဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြောင်း မော်ကွန်း ကျောက်စာတိုင် စိုက်ထူရေး ကော်မတီထံမှ သိရသည်။

၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့က စတင်ခဲ့သည့် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ယင်းကာလအတွင်း အထိမ်းအမှတ် ကျောက်စာတိုင်တစ်ခု ပဲခူးမြို့နာရီစင်အနီး စိုက်ထူခဲ့ကြသော်လည်း တပ်မတော်က အာဏာသိမ်းပြီးမကြာမီ ဖျက်ဆီးခံခဲ့ရကြောင်း ပဲခူးဒေသခံ နိုင်ငံရေးသမားများထံမှ သိရသည်။

The Voice


0 comments:

Post a Comment