Thursday, May 31, 2018

မုန်တိုင်းအရှိန်ကြောင့် သရက်မြို့တွင် စက်လှေအစီး ၂၀ ကျော် ရေနစ်မြုပ်


ပြီးခဲ့တဲ့ရက်က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းနဲ့ မိုးသက်လေပြင်းတွေကြောင့် မကွေးတိုင်းဒေသကြီး သရက်မြို့ ဧရာဝတီမြစ်ကမ်းနားမှာ ရပ်တန့်ထားတဲ့ စက်လှေအစီး ၂၀ ကျော် ရေနစ်မြုပ်သွားပါတယ်။

ပြီးခဲ့တဲ့ မေ ၂၉ ရက်မှာ ရခိုင်ပြည်နယ်ဘက်ကနေ စတင်တိုက်ခတ်လာတဲ့ မုန်းတိုင်းငယ်ကြောင့် သရက်မြို့မှာလည်း မိုးသက်လေပြင်းတွေတိုက်ခတ်လို့ ဧရာဝတီမြစ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ စက်လှေ ၆၀ ကျော်ထဲကနေ ၂၁ စီး ရေနစ်မြုပ်ခဲ့တာပါ။

အဲဒီစက်လှေအများစုက သရက်မြို့ကနေ အောင်လံမြို့ကို ပြေးဆွဲနေတဲ့ နန်းထိုက်ဟိန်း ကူးတို့လုပ်ငန်းက မြင်းကောင်ရေ ၂၀ အောက် စက်တပ်ရေယာဉ်ငယ် (ပဲ့ထောင်)တွေ ဖြစ်ကြပြီး မနေ့နေ့လယ်ပိုင်းထိ စက်လှေ ၁၄ စီးကို ပြန်ဆယ်ယူပြီးဖြစ်ကာ ကျန်တဲ့စက်လှေတွေကိုတော့ ရှာဖွေနေဆဲလို့ သိရပါတယ်။

သရက်မြို့ အခြေစိုက် မြင်းကောင်ရေ ၂၀ အောက် စက်တပ်ရေယာဉ်ငယ်အသင်း ဥက္ကဋ္ဌ ဦးကံမြင့်က “အရင်ကတည်းက ဒီလိုပဲ ကမ်းမှာ ကြိုးချည်ပြီး ကပ်ထားတာပဲ တခါမှ ဒီလို မဖြစ်ဖူးဘူး။ အခုတခါပဲ ဖြစ်သွားတာ။ ပျက်ဆီးဆုံးရှုံးမှုစာရင်းတွေကို တွက်ချက်ပြီး မြို့နယ်အုပ်ချုပ်ရေးအဆင့်ကို တင်ပြသွားမှာပါ”လို့ ပြောပါတယ်။

စက်လှေတွေ နစ်မြုပ်မှုကြောင့် လူတွေကတော့ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိပါဘူး။ အခုလက်ရှိပေါက်ဈေးအရ စက်လှေအသစ်တစီးကို အမျိုးအစားအလိုက် သိန်း ၃၀ ကနေ သိန်း ၆၀ ထိ တန်ကြေးရှိပါတယ်။

စက်လှေမောင်းသမား ကိုထိုက်ဦးက “စက်လှေက ကုန်းပေါ် ရောက်လာရင်တောင် အကောင်းပကတိ ဖြစ်မှာမဟုတ်ဘူး။ ပြန်ပြင်ရမှာနဲ့ဆို ရက်က ကြာဦးမှာ။ စက်လှေ မမောင်းရတော့ စားဝတ်နေရေး ခက်ခဲဦးမှာ။ အိမ်မှာ မိသားစုက ဒီအလုပ်တခုကိုပဲ အားထားနေရတာ။ ကျန်တာက အိမ်မှာ မှီခိုသူ ကလေးတွေပဲ ရှိတာ။ အားလုံးကလည်း ကျောင်းသားတွေပဲ ဖြစ်တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

စက်လှေတွေဟာ ကမ်းအနီးမှာပဲ နစ်မြုပ်ခဲ့တာဖြစ်ပြီး လှေဦးထိခိုက်တာ၊ အမိုးထိခိုက်တာတွေနဲ့ တစီးကို ဆုံးရှုံးမှုတန်ဖိုး ကျပ် ၂ သိန်းကနေ ၈ သိန်းအထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။


DVB

0 comments:

Post a Comment