Wednesday, May 30, 2018

အာဆာဘင်္ဂါလီ အကြမ်းဖက်အဖွဲ့က ကျူးလွန်ခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဖော်ထုတ်တိုက်ဖျက်ပြီး လုံလောက်သည့် ကာကွယ်မှုပြုလုပ်ပေးရန်အဆို ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် ပြည်သူ့လွှတ်တော်၌ တင်သွင်း


အာဆာဘင်္ဂါလီ အကြမ်းဖက်အဖွဲ့က ကျူးလွန်ခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ထိရောက်စွာ ပူးပေါင်းဖော်ထုတ် တိုက်ဖျက်ပြီး လုံလောက်သည့် ကာကွယ်မှု ပြုလုပ်ပေးရန် အဆိုအား ပြည်ခိုင်ဖြိုးပါတီမှ ပျော်ဘွယ်မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ကြောင်း သိရသည်။

နေပြည်တော်၌ မေ ၃၀ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး န၀မနေ့တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံတော်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ထပ်မံမဖြစ်ပေါ်စေရန် အထူးသဖြင့် ရခိုင်ပြည်နယ်တွင် ထပ်မံမဖြစ်စေရန် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း ARSA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ကျူးလွန်ခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များ အပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ထိရောက်စွာ ပူးပေါင်းဖော်ထုတ် တိုက်ဖျက်ပြီး လုံလောက်သည့် ကာကွယ်မှု ပြုလုပ်ပေးပါရန် အဆိုအား တင်သွင်းခဲ့သည်။

“အစိုးရအနေနဲ့က ပြတ်ပြတ်သားသား ရပ်တည်စေချင်တယ်။ ဖိအားတွေကို စိုးရိမ်ပြီးတော့ လူသားချင်းစာနာမှု၊ လူ့အခွင့်အရေး၊ ဒီလူတွေ နေရာပြန်ချရေး ဒီတစ်ခုကိုပဲ ဇောင်းပေးလွန်းအားကြီးတယ်။ တို့တိုင်းပြည်၊ တို့လူမျိုးခံစားနေရတဲ့ အခြေနေတွေ မပါလာဘူး။ ၂၀၁၄ ခုနှစ်ထဲက အကြမ်းဖက်မှုဥပဒေ ထုတ်ပြန်ထားပြီးဖြစ်တယ်။ ဒီထဲမှာ အကျုံးဝင်နေတာပဲ။ ထွက်သွားတဲ့သူတွေက ၄၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ ၆၀ ရာခိုင်နှုန်းက ဒီဘင်္ဂါလီတွေပေါ့နော်။ တို့တိုင်းပြည်ထဲမှာ ရှိသေးတယ်။ ထွက်သွားတဲ့သူတွေက ဘာကြောင့်ထွက်သွားလဲ။ ဒါတွေကိုလည်း ဘယ်သူမှ သိပ်ပြီးတော့ စုံစမ်းစစ်ဆေးတာမရှိဘူး။ သူတို့ပြောနေသလိုပဲ ခေါင်းငုံခံသလိုမျိုးပေါ့။ တို့ဘက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြောင့် လိုက်ပြီး မောင်းထုတ်လို့၊ လိုက်ပြီးတော့ အကြမ်းဖက်လို့ သူတို့ထွက်ပြေးရတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေလို့ ဒီဟာကို အမှန်တရားအတိုင်း ဖြစ်စေချင်လို့ တင်ပြတာပါ” ဟု အဆိုရှင် ဦးသောင်းအေးက ပြောကြားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများနှင့် ARSA အကြမ်းဖက်အဖွဲ့များက အကြမ်းဖက်တိုက်ခိုက်မှုများသည် မစ္စတာကိုဖီအာနန် အကြံပေးကော်မရှင်၏ လုပ်ငန်းစတင် ဆောင်ရွက်သည့်ကာလနှင့် လုပ်ငန်းပြီးဆုံး၍ အပြီးသတ် အစီရင်ခံစာတင်သွင်းသည့်နေ့များတွင် တိုက်ဆိုင်စွာ ဖြစ်ပေါ်လာသည့်အပြင် ဘူးသီးတောင် မောင်တောဒေသရှိ မေယုတောင်ကြော၌ အကြမ်းဖက်စခန်း လိုဏ်ခေါင်းတစ်ခုကို ရိက္ခာများ၊ တဲများ၊ အသုံးအဆောင်များနှင့် တွေ့ရှိခဲ့သည့်အတွက် အစီအစဉ်ရှိရှိလုပ်သည့် အကြမ်းဖက်မှုများဖြစ်ကြောင်း တွေ့ရှိသည်ဟု အဆိုရှင်၏ အဆိုတွင် ပြောကြားထားသည်။

ဆက်လက်ပြီး အဆိုတွင် အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့များသည် ၁၉၄၂၊ ၁၉၅၁၊ ၁၉၆၆ နှစ်များသကဲ့သို့ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နယ်မြေတစ်ခုရရှိရေး၊ ရိုဟင်ဂျာလူမျိုးအဖြစ် အသိအမှတ်ပြုရေး ဦးတည်လျက် OIC နိုင်ငံများ၊ ပြည်ပအဖွဲ့အစည်းများနှင့် လုပ်ကြံမူဝါဒဖြန့်မှုများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိကြောင်း ပြောကြားထားသည်။

အခန်း ၉ ခန်းပါရှိသော အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေကို ၂၀၁၄ ခုနှစ်တွင် ပြဌာန်းခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ၂၀၁၆၊ ၂၀၁၇ ခုနှစ်များအတွင်း ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်များကို ကြည့်ပါက တပ်မတော် အပါအ၀င် နယ်ခြားစောင့်ရဲတပ်ဖွဲ့ လုံခြုံရေးစခန်းများကို အင်အားသုံးတိုက်ခိုက် ဖျက်ဆီးခြင်း၊ လုံခြုံရေးတပ်ဖွဲ့များကို လူသားတံတိုင်းသုံး၍ ဟန့်တားတိုက်ခိုက်ခြင်း၊ မိုင်းထောင်တိုက်ခိုက်ခြင်း၊ လူနေအိမ်အဆောက်အဦးများကို မီးရှို့ဖျက်ဆီးခြင်း၊ အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ လုံခြုံရေးဆိုင်ရာ သတင်းပေးသူများ၊ လူနည်းစုတိုင်းရင်းသားတို့ကို ရက်စက်စွာ သတ်ဖြတ်ခြင်း၊ ဌာနေပြည်သူများကို နေရပ်စွန့်ခွာထွက်ပေးစေရန် ခြိမ်းခြောက်ခြင်းစသည့် လုပ်ဆောင်မှုများကို ထင်ရှားစွာ တွေ့မြင်နေရမည်ဖြစ်ကာ ထိုလုပ်ဆောင်ချက်များကို အကြမ်းဖက်မှုဥပဒေပြဌာန်းချက်ပါ အကြမ်းဖက်မှုများနှင့် အကြုံးဝင်နေကြောင်း၊ ငြင်းပယ်၍ မရနိုင်သောကြောင့် ဥပဒေကို ထိရောက်စွာ ကိုင်တွယ်အသုံးပြုရန် လိုအပ်ကြောင်း အဆိုတွင် ပါရှိသည်။

အဆိုပါ ပြည်ခိုင်ဖြိုးပါတီမှ ပျော်ဘွယ်မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး၏ အဆိုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးကာ လက်ခံဆွေးနွေးရန် သင့် မသင့် အဆုံးဖြတ်ယူရာတွင် လက်ခံဆွေးနွေးရန် သဘောတူခဲ့သည်။

စည်သူ
Eleven Media Group

0 comments:

Post a Comment