Thursday, May 31, 2018

YRTA ၀န်ထမ်းတွေ အနည်းဆုံးလုပ်ခ ယနေ့တိုင်မရသေးလို့ဆိုပြီး တိုင်ကြားဖို့ရာအလုပ်သမားညွှန်ကြားမှူဦးစီးဌာနရုံးကိုသွားနေဟုဆို


YBS ယာဉ်လိုင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ YRTA (ယမင် မထသ) က ၀န်ထမ်းတွေ အနည်းဆုံးလုပ်ခလစာ ယနေ့တိုင်မရသေးတဲ့အတွက် ကာယကံရှင်အလုပ်သမားတွေဟာ အလုပ်သမားဝန်ကြီးဌာနကို တိုင်ကြားဖို့ အခု တာမွေမြို့နယ် အလုပ်သမားညွှန်ကြားမှူဦးစီးဌာနရုံးကိုသွားနေကြကြောင်း ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

မထသကို YRTA ဆိုပြီး စနစ်ပြောင်းအမည်ပြောင်းလုပ်ကိုင်ပြီးနောက်ပိုင်း မထသမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အဆိုပါဝန်ထမ်းတွေကို YRTA မှာလည်း ဆက်လက်တာဝန်ထမ်းဆောင်စေခဲ့ရာမှာ သူတို့ဟာ ယခင် မထသ လက်ထက်ကရရှိခဲ့တဲ့ လစာနှုန်းထားတွေအတိုင်းရရှိနေကြပြီး နိုင်ငံတော်အစိုးရက တရားဝင်သတ်မှတ်ခဲ့တဲ့ တစ်ရက်အနိမ့်ဆုံးလုပ်ခ (၃၆၀၀ ကျပ် ) ကို မရရှိခဲ့ကြလို့ အခုလို တိုင်ကြားမှာဖြစ်တယ်လို့ တိုင်ကြားမှုမှာဦးဆောင်ပါဝင်တဲ့ YRTA ယာဉ်စည်းကမ်းထိန်းသိမ်းရေးဌာန ၀န်ထမ်း ဦးနေလင်း ကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

"မထသ လက်ထက်တုန်းကပေးတဲ့အတိုင်း ကျွန်တော်ကတော့ အခြေခံလစာ ၁၀၅၀၀၀ ရတယ်။ ကျွန်တော့အောက်မှာ ၉၀၀၀၀ ကျော်ရှိတယ် ။ ၇၀၀၀၀ ကျော်ရှိတယ်။ အရင်သတ်မှတ်ခဲ့တဲ့ တစ်ရက်ကျပ် ၃၆၀၀ တောင်မရခဲ့ဘူး။ အခု ၄၈၀၀ ကျပ်သတ်မှတ်လိုက်ပြီ။ YRTA ၀န်ထမ်းတွေက အစိုးရတရားဝင်ခွင့်ပြုထားတဲ့ ကဒ်ပြားတွေလည်းမရသေးဘူး။ ဒီတော့ လုပ်ရကိုင်ရခက်တယ်။ YRTA ၀န်ထမ်းတွေအကုန်လုံးကအရင်လစာအတိုင်းပဲပေးတယ်။ ကျွန်တော်ကယခင်က ဂိတ်မှူး ကနေ ယာဉ်စည်းကမ်းထိန်းရေးမှာတာဝန်ထမ်းနေပါတယ်။ ၉ သောင်း သမားကြတော့အချိန်မှူးတွေ ၊ ၇ သောင်းသမားကတော့ စစ်ဆေးရေးလုံခြုံရေးတို့ ရာထူးတွေပါ " လို့ သူကဆိုပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး YRTA ၀န်ထမ်း ၇၀ ကျော်ဟာ အနိမ့်ဆုံးလုပ်ခလစာ ရရှိဖို့ ဥပဒေနဲ့အညီဖြေရှင်းပေးဖို့ လက်မှတ်ရေးထိုးပြီး အလုပ်သမားဝန်ကြီးဌာနထံအခု လက်မှတ်ရေးထိုးတိုင်ကြားသွားမှာဖြစ်တယ်လို့ ဆြိုဲကပါတယ်။

အထက်ပါ လစာကိစ္စနဲ့ပတ်သက်ပြီး YRTA ရဲ့ အရာရှိတစ်ဦးဖြစ်တဲ့ ဦးလှအောင်က " မထသ လက်ထက်ကတည်းက ခွင့်ပြုတဲ့နှုန်းထားတွေအားလုံးရနေပါတယ်ခင်ဗျာ။ မထသတုန်းကခံစားခဲ့တဲ့ လစာနှုန်းထားတွေအတိုင်း ဆက်လက်ပြီးခွင့်ပြုထားပါတယ်ခင်ဗျာ။ ကျွန်တော်ပြောချင်တာက မထသကနေ ပြောင်းလဲ ပြီးတာဝန်ထမ်းဆောင်တဲ့ဝန်ထမ်းတွေအပေါ်မှာ ယခင်တုန်းက မထသကပေးထားတဲ့ လုပ်ခလစာများအပြင် ခရီးသွားစရိတ် နေ့တွက်အချိန်ပိုလုပ်ခစရိတ် အခြားထောက်ပံ့စရိတ်များနဲ့ကျွန်တော်တို့ပံ့ပိုးပြီးတော့ ညီညွှတ်မျှတတဲ့လစာတွေဖြစ်အောင်စီမံပံ့ပိုးပေးထားတယ်လို့ကျွန်တော်ပြောချင်တယ်။ YRTA အနေနဲ့ဖွဲ့စည်းပုံတွေလုပ်နေတယ်။ တစ်ဦးတစ်ယောက်ချင်းလစာ တွေကိစ္စတွက်တဲ့အချိန်မှာကိုယ့်ဝန်ထမ်းတွေမနစ်နာအောင် ယခင်မထသအဖွဲ့အစည်းအသီးသီးတုန်းကပေးခဲ့တဲ့လုပ်ခလစာ များအပြင် အရင်တုန်းက မထသမြို့တွင်းဆိုရင်ခရီးစရိတ်မရှိဘူး။ အခု ကျွန်တော်တို့ ခရီးစရိတ်ဆိုပြီးသီးခြားပေးထားတယ်။ မြောက်ပိုင်းခရိုင်က၀န်ထမ်းတွေလစာနိမ့်ပါးနေတယ် အဲ့ဒီအတွက် ကျွန်တော်တို့ဟာ ထောက်ပံ့ကြေးဆိုတဲ့စရိတ်တွေနဲ့ဖြည့်စွက်ပြီးပေးနေတယ်။ အဲဒီလိုဟာတွေအားလုံးကိုပေါင်းချုပ်လိုက်ရင်လူတစ်ယောက်ဟာဘယ်လောက်ရတယ် ဆိုတဲ့ အနေအထားလေးကိုသုံးသပ်ပြီးမှသာခုနက လစာဆိုတဲ့အပေါ်သွားဖို့လိုအပ်လိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်။ ၀န်ထမ်းများရဲ့အခက်အခဲရှိတဲ့ယာဉ်စီးခနှုန်းထားများကိုပေးတာတွေ ၊ အလုပ်ပိုလုပ်ရတဲ့လူတွေအပေါ်မှာသီးခြားထောက်ပံ့ကြေးပေးတာတွေ အဲ့ဒါနဲ့လောလောဆယ်သွားတယ်။ ကျွန်တော်ဒီလောက်ပဲပြောလိုပါတယ်" လို့ ပေါ်ပြူလာနယူးစ်ရဲ့မေးမြန်းမှုအပေါ်ပြန်လည်ဖြေကြားခဲ့ပါတယ်။

YRTA မှာ လက်ရှိ ပြင်ပတာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်း ဦးအောင်ကိုကို ကတော့ ထောက်ပံ့ကြေးရတဲ့ကိစ္စဟာ အလုပ်ဆင်းတဲ့ရက်ပဲရတာဖြစ်တယ်လို့ ပြောပါတယ်။

"၂၀၀၀ ရတာရှိတယ် ၊ ၈၀၀ ရတာရှိတယ်။ ဆင်းတဲ့ရက်ပဲရတာ။ တစ်ပတ်မှာ ၄ ရက်ဆင်းရင် တစ်လအတွက် ၁၆ ရက်စာပဲရတာ။ ကျွန်တော်ဆို ထောက်ပံ့ကြေးပါပေါင်းရင် တစ်လ ၁၂၂၄၀၀ ရတယ်။ အခြေခံလစာကတော့ ၉၇၅၀၀ ရတယ်။ ဒါသည် YRTA စတင်တဲ့ ၁၆ ရက် ၁လ ၂၀၁၇ ခုနှစ်ကတည်းက ရခဲ့တဲ့လစာပါ။ ကျွန်တော်က အရင်တုန်းက မထသမှာ အချိန်မှူးလုပ်ခဲ့တယ်။ အခုတော့ ပြင်ပတာဝန်ဆိုပြီးပေးထားတယ်" လို့ ဆိုပါတယ်။

အထက်ပါပြဿနာတွေနဲ့ ပတ်သက်ပြီး အလုပ်သမားအခွင့်အရေးလှုပ်ရှားသူများအဖွဲ့က ကိုသူရိန်အောင်က အခုလိုပဲမှတ်ချက်ပြုပါတယ်။

"အခု အလုပ်သမားတွေက အခုမှတရားဝင်သွားတိုင်တာဆိုတော့ ပထမရုံးချိန်းလောက်ပြီးမှ ပြောလို့ရလောက်မယ်။ ဒါပေမဲ့ အချိန်ပိုကြေးကတော့အနိမ့်ဆုံးလုပ်ခ လစာနဲ့မဆိုင်ဘူးလေ" လို့ သူကမှတ်ချက်ပြုပါတယ်။

အလုပ်သမားအဖွဲ့ချုပ် တစ်ခုဖြစ်တဲ့ AFFM အထွေထွေအတွင်းရေးမှူးချုပ် ဦးဇာနည်သွေးကတော့ အနိမ့်ဆုံးလုပ်ခ ဆိုတာ တစ်ရက် အလုပ်လုပ်ချိန် ၈ နာရီအတွက် ပဲ ဖြစ်ကြောင်း ပြောပါတယ်။

Popular News Journal

0 comments:

Post a Comment