Tuesday, May 29, 2018

မြန်မာဆိပ်ကမ်းမှ တင်ဆောင်သွားသည့် ဒေါ်လာ ၁၈ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ မလေးရှားနိုင်ငံတွင် ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ မြန်မာဘက်မှ စုံစမ်းစစ်ဆေးမှုများ စတင်ဆောင်ရွက် လျက်ရှိကြောင်း သိရ


မြန်မာဆိပ်ကမ်းမှ တင်ဆောင်သွားသည့် ဒေါ်လာ ၁၈ သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မလေးရှားတွင် ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ မြန်မာဘက်မှ စုံစမ်းစစ်ဆေးမှုများ စတင်ဆောင်ရွက် လျက်ရှိကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (ဌာနချုပ်) မှ ရဲမှူးကြီးအဆင့်ရှိ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံမှ တင်သွင်းလာသည့် လက်ဖက်ခြောက်ထုပ်များတွင် ဒေါ်လာ ၁၈ သန်းခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အပြင်ဘက်ရှိ ပို့ကလန်တွင် မလေးရှား အကောက်ခွန် တာဝန်ရှိသူများက မေ ၂၂ ရက်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ဆေးမှုများကို စတင်ဆောင်ရွက် လျက်ရှိကြောင်း၊ ဆောင်ရွက်မှုများကို ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိသေးကြောင်း အဆိုပါ ရဲအရာရှိက ပြောကြားသည်။

“မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အနေနဲ့ကတော့ အဲဒီမလေးရှားမှာ မူးယစ်ဆေးဝါးတွေ မိတဲ့ကိစ္စကို ဆက်လက် စုံစမ်းနေပါတယ်။ လက်ရှိမှာတော့ ရဲလုပ်ထုံးလုပ်နည်းတွေအရ စုံစမ်းနေလို့ ပြောလို့မရသေးပါဘူး” ဟု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (ဌာနချုပ်) မှ ရဲမှူးကြီးအဆင့်ရှိ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ယခုကဲ့သို့ မူးယစ်ဆေးဝါး ပမာဏ အများအပြား ဖမ်းဆီးရမိမှုကြောင့် မလေးရှားဘက်မှ ပြောကြားသကဲ့သို့ ဂိုဏ်းဖွဲ့လှုပ်ရှားခြင်းမှာ ဖြစ်နိုင်ကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ အဆင့်မြင့်ရဲအရာရှိ တစ်ဦးက ထပ်မံအတည်ပြု ပြောကြားသည်။

“ကျွန်တော်တို့ လောလောဆယ်တော့ ဆက်လက်ပြီးတော့ လုပ်နေပါပြီ။ ဖမ်းဆီးရမိတဲ့သူတွေ ရှိ မရှိဆိုတာ ပြောလို့မရသေးပါဘူး။ မလေးဘက်ကပြောသလို ဒီမူးယစ်ဆေးဝါးတွေကို ဂိုဏ်းနဲ့ လုပ်တယ်ဆိုတာ ဟုတ်မှာပါ။ ဒီလောက်မူးယစ်ဆေးဝါး အများကြီးဆိုတော့ ဂိုဏ်းအဖွဲ့တွေနဲ့ လုပ်မှာပါ။ ဆိပ်ကမ်းအာဏာပိုင်တွေက စစ်တော့စစ်ဆေးမှာပေါ့။ သူတို့ကလည်း ဖုံးအုပ်ထားမှာပေါ့။ ပေါ်တင်ကြီးတော့ မလုပ်လောက်ဘူး ထင်တာပဲ။ ကျွန်တော်တို့လည်း ဂဃနဏ မသိသေးဘူး။ လောလောဆယ် Operation စလုပ်တုန်းပဲ ရှိသေးတယ်။ မူးယစ်ဆေးဝါး ရဲတပ်ဖွဲ့က လက်ရှိ ဆောင်ရွက်နေတာတွေကို ပြောလို့မရသေးဘူး” ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ အဆင့်မြင့် ရဲအရာရှိတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံမှတစ်ဆင့် လက်ဖက်ခြောက်ထုပ်များအတွင်း ထည့်သွင်းကာ သင်္ဘောဖြင့် တင်သွင်းလာသည့် ခရစ်စတယ်မက်သာဖက်တမင်း မူးယစ်ဆေးများကို စံချိန်တင် ဖမ်းဆီးရမိမှုအဖြစ် တန်ချိန် ၁ ဒသမ ၂ တန်နီးပါးကို မလေးရှား အာဏာပိုင်များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့မှ ကုန်သေတ္တာ တစ်လုံးဖြင့် တင်သွင်းလာသည့် အဆိုပါ မူးယစ်ဆေးဝါးများနှင့် ပတ်သက်ပြီး မူးယစ်ဆေး မှောင်ခိုကူးသူများဟု သံသယရှိသူ ခြောက်ဦးကိုလည်း ဖမ်းဆီးထားကြောင်း မလေးရှား အစိုးရက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ထုတ်ပြန်ကြေညာထားသည်။

ဖမ်းဆီးခံခဲ့ရသူများမှာ ၂၂ နှစ်နှင့် ၄၈ နှစ်အကြားရှိ မြန်မာနိုင်ငံသား သုံးဦးနှင့် မလေးရှားနိုင်ငံသား သုံးဦးဖြစ်ကြောင်း မလေးရှားအစိုးရက ထုတ်ပြန်ကြေညာထားသည်။

အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး အေးရှားဝေါလ်ဆိပ်ကမ်းမှ ပို့ဆောင်လိုက်သည့် ကုန်သေတ္တာများ ဖြစ်ကြောင်း ပြင်ပတွင် သတင်းများ ထွက်ပေါ်လျက်ရှိပြီး အဆိုပါ သတင်းများနှင့် ပတ်သက်ပြီး အေးရှားဝေါလ်မှ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်း ခဲ့သော်လည်း မေ ၂၉ ရက် ည နေ ၆ နာရီခွဲအထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။


မင်းသိန်းနိုင်၊ ရှိုင်းလင်းအောင်
Eleve Media Group

0 comments:

Post a Comment