Monday, May 28, 2018

လက်ရှိ ရွေးချယ်ခံထားရသည့် NLD ဗဟိုလူငယ်အချို့ အခွင့်အလမ်းကို ဦးတည်ချက်ထားဟုဆို


လက်ရှိ ရွေးချယ်ခံထားရသည့် NLD ဗဟိုလူငယ်အချို့ အခွင့်အလမ်းကို ဦးတည်ချက်ထားသည်ဟု NLD ပါတီမှ အောက်မြန်မာပြည် လူငယ်ပြန်လည်ဖွဲ့စည်းရေးတာဝန်ခံ ဦးခင်ထွန်း က ပြောသည်။

NLD ပါတီတွင် ယခင်လူငယ် ဗဟိုတာဝန်ခံ ယူထားရသည့် လူငယ်များမှာ ထောင်ကို မှန်းပြီး အလုပ်လုပ်ခဲ့ရသော်လည်း ယနေ့ခေတ် လူငယ်တာဝန်ခံများမှာ အခွင့်အလမ်းအပေါ် မူတည်ပြီး အလုပ်လုပ်ရကြောင်း ၄င်းကပြောသည်။

“ ကိုယ်တို့ခေတ်တုန်းက လူငယ်တာဝန်ခံ လုပ်ရတဲ့လူတွေက အဝတ်အစားတစ်ထုတ်ကို အမြဲအဆင်သင့် ပြင်ထားရတယ်။ ဘယ်ထောင်ကို ခေါ်သွားမယ်ဆိုတာ မသိရဘူး။ စစ်အာဏာရှင် လက်အောက်က ရုန်းထွက်ခဲ့ရတဲ့ ဒီမိုကရေစီ ဖြစ်တဲ့အတွက် လွယ်ကူမှုဆိုတာ လုံးဝမရှိခဲ့ဘူး။ ဘယ်လောက်ထိ ခက်ခဲခဲ့သလိုဆိုရင် ဘဝတွေ၊ အသက်တွေ၊ ခန္ဓာကိုယ်တွေ၊ မိသားစုတွေ၊ ကိုယ့်ရဲ့ အခွင့်အလမ်းတွေအားလုံးကို ပစ်ပယ်ပြီး ရုန်းကန်ခဲ့ရတဲ့ နိုင်ငံရေးမျိုးပေါ့။ နည်းမျိုးစုံနဲ့ ပေးထားတဲ့ အခက်အခဲကြားကနေ လွတ်အောင်ရုန်းထွက်ခဲ့ရတော့ အတွေးအခေါ်တွေ တိုးတက်လာပြီး စစ်အာဏာရှင်တွေ လေ့ကျင့်ပေးလိုက်တဲ့ ပါတီကေဒါတစ်ယောက် ဖြစ်သွားတယ်လို့ သဘောထားရမလို ဖြစ်နေတယ်။ ဒီဘက်ခေတ် က အခြေအနေ နည်းနည်းကောင်းလာတော့ လူငယ်တွေက နိုင်ငံရေး ခံနိုင်ရည်တွေ၊ အယူအဆတွေ၊ အတွေးအခေါ်တွေ လျော့နည်းလာတာကို တွေ့ရတယ်။ ဟိုတုန်းက လူငယ်တွေက ဘယ်ထောင်ကို သွားရမယ်ဆိုတာ ရွေးပြီး အလုပ်လုပ်ခဲ့ရသလို ဒီနေ့ခေတ် လူငယ်တွေက ဘယ်လိုအခွင့်အရေးရမယ်ဆိုတာကို မူတည်နေတယ် ” ဟု ဦးခင်ထွန်းက ပြောသည်။

NLD ပါတီ ဖြတ်သန်းခဲ့ရသည့် သမိုင်းကဏ္ဍတွင် လူငယ်ကဏ္ဍသည် အရေးအကြီးဆုံး ကဏ္ဍထဲမှ ပါဝင်ခဲ့ပြီး NLD ပါတီ ဖြတ်သန်းမှု မှန်သမျှ လူငယ်များ မဖြစ်မနေ ပါဝင်ခဲ့ကြောင်း၊ လက်ရှိ NLD ပါတီ ဗဟိုလူငယ်များသည် ယခင်ဗဟိုလူငယ်များ လုပ်ဆောင်ပေးခဲ့သည့် လုပ်ဆောင်ချက်များကို ဆက်လက်၍ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်မည်ဟု ၄င်းအနေဖြင့် ယုံကြည်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

အောင်သူရိန်( အကုန်သိသတင်းဌာန)

0 comments:

Post a Comment