Thursday, May 31, 2018

ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်း ရာထူးမှနုတ်ထွက်


ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းဟာ ချန်ပီယံလိဂ်ဖလား ရယူအပြီး ၅ ရက်အကြာမှာပဲ ရာထူးက နုတ်ထွက်သွားပါတယ်။

အခုလိုနုတ်ထွက်ရတာဟာ တခြားအသင်းတသင်းနဲ့ ချိတ်ဆက်ထားလို့မဟုတ်ဘဲ ထွက်ခွာရမယ့်အချိန် ရောက်လို့သာ ဖြစ်တယ်လို့ ရာထူးကနေ နုတ်ထွက်တာနဲ့ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဇီဒန်းက ပြောလိုက်ပါတယ်။


“လာမယ့်ရာသီ အသင်းမှာ ဆက်ရှိတော့မှာမဟုတ်တဲ့ ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။ ကျနော့်အတွက်ရော တခြားသူတွေ အားလုံးအတွက်ရော ဒီအချိန်က ပြောင်းလဲရမယ့်အချိန် ရောက်လာတာကြောင့်ပါ။ ဒါဟာ လွယ်လွယ်ကူကူနဲ့ ဆုံးဖြတ်ခဲ့တာတော့ မဟုတ်ပါဘူး။ ကျနော်ဟာ ဒီအသင်းကိုချစ်သလို အသင်းဥက္ကဋ္ဌကိုလည်း နှစ်သက်သဘောကျပါတယ်။ သူက ကျနော့်ကို ကစားသမားတယောက်အနေနဲ့ အခွင့်အရေးပေးခဲ့သလို နည်းပြတယောက် အနေနဲ့လည်း အခွင့်အရေးပေးခဲ့လို့ အရမ်းကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ပြောင်းလဲရမယ့်အချိန် ရောက်ပါပြီ” လို့ ဇီဒန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အသင်းဥက္ကဋ္ဌ ပီရက်ဇ်ကတော့ ဒီဆုံးဖြတ်ဟာ မျှော်လင့်ထားတဲ့အရာ မဟုတ်တာကြောင့် အံအားသင့်ရတယ်လို့ ဆိုပါတယ်။

ချန်ပီယံလိဂ်ဖလား ရပြီးတဲ့နောက်မှာ ဒီလိုဆုံးဖြတ်မယ်လို့ မျှော်လင့်မထားကြောင်း၊ မိမိဆန္ဒကတော့ အသင်းမှာပဲ ထာဝရ ဆက်ရှိလိုတာဖြစ်ပေမယ့် သူ့ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို လေးစားရမှာဖြစ်တယ်လို့ အသင်းဥက္ကဋ္ဌ ပီရက်ဇ်က ပြောကြားခဲ့ပါတယ်။

အသက် ၄၅ နှစ်အရွယ် ပြင်သစ်နည်းပြ ဇီဒန်းဟာ ရီးရဲလ်နဲ့ ၂ နှစ်ခွဲကာလတာအတွင်း ချန်ပီယံလိဂ်ဖလား ၃ ကြိမ်ဆက် ရယူပေးခဲ့သလို စုစုပေါင်း ဆုဖလား ၉ လုံး ရယူပေးခဲ့ပါတယ်။

ဇီဒန်းနုတ်ထွက်သွားတာနဲ့ ပတ်သက်ပြီး ရီးရဲလ်အသင်းခေါင်းဆောင် ရာမို့စ်နဲ့ ကွင်းလယ်ကစားသမား တိုနီခရူးစ်တို့ကလည်း တွစ်တာကနေတဆင့် ဝမ်းနည်းကြောင်းနဲ့ နှုတ်ဆက်စကားတွေ ပြောကြားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ နည်းပြသစ်ရာထူးအတွက် အာဆင်နယ် နည်းပြဟောင်း အာစင်ဝင်းဂါးနဲ့ ချဲလ်ဆီးနည်းပြ ကွန်တီတို့ကို ခေါ်ယူမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

DVB

0 comments:

Post a Comment