Tuesday, May 29, 2018

ကျောင်းဝတ်စုံကိစ္စ မဝေဖန်ရန် မန္တလေးတိုင်းဝန်ကြီးချုပ်ပြော


အခြေခံပညာ မူလတန်းကျောင်းသားကျောင်းသူများကို အစိုးရက အခမဲ့ ဖြန့်ဝေပေးသည့် ကျောင်းဝတ်စုံများနှင့် ပတ်သက်၍မဝေဖန်ရန် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

အစိုးရက ထောက်ပံ့ပေးသည့် ကျောင်းဝတ်စုံများသည် ဝါကြန့်ကြန့် အရောင်ရှိခြင်း၊ အသားပါးခြင်း၊ ချုပ်ရိုး မခိုင်ခြင်းတို့ကြောင့် အဆင့်မမီဟုဆိုကာ လူမှုကွန်ရက် စာမျက်နှာတွင် ဝေဖန်နေခြင်းနှင့်ပတ်သက်၍ ဝန်ကြီးချုပ်က တုံ့ပြန်ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

ချမ်းအေးသာစံမြို့နယ်၊ အမှတ် ၁၄ အခြေခံပညာ အထက်တန်းကျောင်း၌ မေလ ၂၉ ရက်နေ့က ပြုလုပ်သည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကျောင်းဝတ်စုံများကို ပြည်သူ့ဘဏ္ဍာအခွန်ငွေဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ပြီး ကျောင်းသားမိဘများ ဝန်ထုပ် ဝန်ပိုး လျော့စေလိုသည့်စေတနာဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ကျောင်း ဝတ်စုံ အရည်အသွေး မပြည့်မီခြင်းကို အပြစ်မတင်သင့်ကြောင်း ၎င်းက ထပ်မံ ပြောဆိုသည်။

“ဒါမျိုးကိစ္စတွေမှာ မိဘတွေဘက်က ပူးပေါင်း ဆောင်ရွက်စေချင်ပါတယ်။ မိဘတွေအနေနဲ့ နားလည်ပေးပါ။ ပြည်သူနဲ့ အစိုးရ ပူးပေါင်း ဆောင်ရွက်တဲ့နေရာမှာ အကောင်းမြင်စိတ်ရှိဖို့ အရေးကြီးတယ်”ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဆက်လက် ပြောဆိုသည်။

အရည်အသွေးမပြည့်သည့် ကျောင်းဝတ်စုံများကိုစစ်ဆေးကာ ပြန်လည် ပြင်ဆင်ခိုင်းကြောင်း၊ အရည်အသွေး မပြည့်သည့် ကျောင်းဝတ်စုံများချုပ်လုပ်သူကို အရေးယူရန်မှာ ဒေသဆိုင်ရာ စီမံခန့်ခွဲမှုအပေါ်တွင်မူတည်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားသည်။

ကျောင်းဝတ်စုံတစ်စုံလျှင် ကျပ် ၁၄၀၀ ကျသင့်ပြီး မန္တလေးတိုင်းအတွက် ဆန်းရှိုင်းကုမ္ပဏီနှင့် စီးတီးဂလိုဘယ် ကုမ္ပဏီတို့ တင်ဒါအောင်မြင်ခဲ့ပြီး ကျောင်းအပ်နှံရေး သီတင်းပတ်အမီ ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း မန္တလေးတိုင်း၊ ပညာရေးမှူးရုံးမှ ဒုတိယညွှန်မှူး (ဘဏ္ဍာ) ဦးသန်းဝင်းက ပြောဆိုသည်။

အစိုးရအနေနှင့် အခြေခံပညာကျောင်းများတွင် အခမဲ့ ကျောင်းအပ်နှံနိုင်ရေးအပြင် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများကို ကျောင်းဝတ်စုံနှင့် ပြဋ္ဌာန်းစာအုပ်များ၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ပြဋ္ဌာန်းစာအုပ်နှင့် ဗလာစာအုပ်များ ထောက်ပံ့ပေးထားသည်။ 

The Voice

0 comments:

Post a Comment