Monday, May 28, 2018

ငွေဆောင်၊ ချောင်းသာနယ်မြေများအတွင်း တောဆင်ရိုင်းလေးကောင်ထက်မနည်း သတ်ခဲ့သည့်အဖွဲ့ ကို ရဲစခန်းသုံးခုက အမှုဖွင့်


ငွေဆောင်၊ ချောင်းသာနယ်မြေအတွင်း တောဆင်ရိုင်းသုံးကောင်ထက်မနည်း သတ်ဖြတ်အရေခွံခွာခံရသည့်ဖြစ်စဉ်အတွက် အုပ်စုဖွဲ့ သတ်ဖြတ်ရောင်းစားခဲ့ကြသူ ခြောက်ဦးကို ရဲတပ်ဖွဲ့ က ကွင်းဆက်များဖြင့်ဆက်တိုက် ဖော်ထုတ်ဖမ်းဆီးရမိပြီဖြစ်ကြောင်း သတင်းရရှိသည်။ 

ဧပြီလ ၂၁ ရက်တွင် ဖြစ်ပွားခဲ့သည့် ချောင်းသာကြိုးဝိုင်းအကွက်အမှတ်(၆၅)၌ အရေခွံခွာထားသော ခန့်မှန်းအသက်(၃၅)နှစ်၊ အထီး၊ အမြင့်(၈)ပေခန့်၊ လုံးပတ်(၁၄)ပေ(၅)လက်မ၊ အမှီး(၃)ပေ(၆)လက်မခန့်၊ အရှေ့ခွာ(၅)၊ နောက်ခွာ(၄)၊ ကျောငါးဖယ်ကုန်း၊ အစွယ်မရှိ အဆိပ်မြှားတပ်ထားသည့် တူးမီးသေနတ်ဖြင့် ယာဘက်လက်ခုံအနောက်သို့ ပစ်ခတ်ခံရ၍ သေဆုံးနေသော တောဆင်ရိုင်း(၁)ကောင်အမှုအတွက် မသင်္ကာသူများဖြစ်သည့် ငွေဆောင်မြို့နယ်၊ သစ်ဖြူကျေးရွာနေ ချစ်မင်းနိုင်(ခ)ငဒူး(၃၉)နှစ်နှင့် သောင်းအေး(ခ) ကိုထွေးတို့အား စစ်ဆေးမေးမြန်းရာမှ ကွင်းဆက်တရားခံများနှင့်နောက်ထပ်ပြစ်မှုများကိုပါ ဆက်လက်ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ က မေလ ၂၈ ရက်တွင် သတင်းထုတ်ပြန်လာသည်။ 

တရားခံများမှာ ချစ်မင်းနိုင်၊ သောင်းအေး၊ စောသိန်းဝင်း၊ ကိုရဲ၊ စောစေးဂေး၊ ငွေထူးတို့ ဖြစ်ပြီး ချစ်မင်းနိုင်နှင့် သောင်းအေးတို့ ကို ဧပြီလ ၂၁ ရက်က ဖမ်းဆီးရမိပြီးနောက် ဧပြီလ ၂၂ ရက် ညနေ ၄ နာရီအချိန်တွင် ပုသိမ်မြို့နယ်၊ ကျောင်းကုန်းကျေးရွာနေ စောသိန်းဝင်း(ခ) ဖိုးထေ(၅၄)နှစ်ကိုလည်းကောင်း၊ ယင်းနောက် ကိုရဲဆိုသူကိုလည်းကောင်း ဆက်လက်ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ အဆိုပါဆင်သတ်သမားများကို ဆက်လက်စစ်ဆေးမှုအရ ပုသိမ်မြို့နယ်၊ ကျောင်းကုန်းကျေးရွာနေ မန်းစေး(ခ)စောစေးဂေး(၄၉)နှစ်နှင့် ကျောင်းကုန်းကျေးရွာ နေ ငွေထူး(၄၀)နှစ်တို့ကို ဧပြီလ ၂၅ ရက်တွင် ထပ်မံဖမ်းဆီးနိုင်ခဲ့ပြီး အသေးစိတ်စစ်ဆေးနေကြောင်း သိရသည်။

၎င်းတို့ သည် ချောင်းသာကြိုးဝိုင်းအကွက်အမှတ်(၆၅)၌တစ်ကြိမ်၊ ခြောက်ကောင်ကျေးရွာ၊ တောင်ထန်းချောင်း လက်ထပ်ဖျားတွင်တစ်ကြိမ်၊ ကြက်တူရွေး ချောင်းဖျား၊ အကွက်အမှတ်(၂၇)၊ သလပ်ခွာ ကြိုးဝိုင်းအတွင်း၌တစ်ကြိမ်နှင့် ချောင်းသာ ကြိုးဝိုင်း၊ အကွက်အမှတ်(၂၀)၊ ဇရပ်ချောင်းအနီးတွင်တစ်ကြိမ် စုစုပေါင်း ဆင်ကောင်ရေ လေးကောင်ထက်မနည်းကို အဆိပ်လူးမြှားများကိုသုံး၍ သတ်ဖြတ်ခဲ့ကြသူများဖြစ်ကြောင်း သိရသည်။ ၄င်းတို့ နှင့်အတူ တောဆင်ရိုင်းများ၏ သားရေချပ်များကိုပါ သိမ်းဆည်းရိခဲ့ပြီး ၄င်းတို့ အားလုံးကို ငွေဆောင်နယ်မြေရဲစခန်း၊ ချောင်းသာနယ်မြေရဲစခန်းနှင့် သလပ်ခွာနယ်မြေရဲစခန်းတို့ က (ပ)၉၁/၂၀၁၇၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၇(က)ဖြင့် အမှုဖွင့်ထားပြီဖြစ်ကြောင်း သိရသည်။ 

မိုးတိမ်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment