Monday, May 28, 2018

ဒုတိယတန်းသင်ရိုးသစ်သင်တန်း ပျက်ကွက်သည့်ဆရာဆရာမများကို သင်တန်းပြန်ပေးမည်


ဒုတိယတန်းသင်ရိုးသစ်သင်တန်း ကျောင်းအုပ်စုအဆင့် သင်တန်းတက်ရောက်ရန် ပျက်ကွက်သည့်ဆရာ၊ ဆရာမများကို သင်တန်ပြန်ပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ 

၂၀၁၈-၁၉ ပညာသင်နှစ်တွင် ဒုတိယတန်းကို သင်ရိုးအသစ်ဖြင့် သင်ကြားမည်ဖြစ်ရာ သင်ကြားမည့်ဆရာ၊ ဆရာမများကို တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ကျောင်းအုပ်စုအဆင့်များဖြင့် သင်တန်းများ ပို့ချလျက်ရှိပြီး ကျောင်းအုပ်စုအဆင့် သင်တန်းတွင် အလယ်တန်းပြဆရာဖြစ်သင်တန်း၊ မူလတန်းပြဆရာဖြစ်သင်တန်းတက်ရောက်မည့် ဆရာ၊ ဆရာမများ၊ မီးဖွားခွင့်၊ ဆေးခွင့်ယူသော ဆရာ၊ ဆရာမများကို  သင်တန်းပြန်လည်ပေးရန်အတွက် ညွှန်ကြားထားကြောင်း သိရသည်။ 

သင်တန်းပျက်ကွက်သည့် ဆရာ၊ ဆရာမအမည်စာရင်းများကို ခရိုင်နှင့် မြို့နယ်များအလိုက် ပြုစုကာ မေ ၂၄ ရက်မှ ဇွန်လ ၇ ရက်အထိ ပြန်လည်ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ဒုတိယတန်းသင်ရိုးသစ်သင်တန်းကို သင်ကြားပြသရမည့် ဆရာ၊ ဆရာမများ မကျန်ရှိစေရန်ကိုလည်း အထူးအလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ 

ပညာရေးစနစ်သစ်အဖြစ် ၂၀၁၆-၁၇ ခုနှစ်တွင် သူငယ်တန်းကို စတင်ပြောင်းလဲခဲ့ပြီး ၂၀၁၇-၁၈ ခုနှစ်တွက် ပထမတန်း၊ ယခုနှစ် ၂၀၁၈-၁၉ ခုနှစ် တွင် ဒုတိယတန်း၊ ၂၀၁၉-၂၀ ခုနှစ်တွင် တတိယတန်းကို ပြောင်းလဲသွားမည် ဖြစ်ကြောင်းသိရသည်။ 

ကျော်ကျော်-မလှိုင်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment