Wednesday, May 30, 2018

လုပ်ငန်းပမာဏများခြင်း၊ လစာနည်းပါးခြင်း၊ ခွဲခြားဖိနှိပ်ခံရခြင်း၊ ပညာရေး အခွင့်အလမ်းနှင့် ရာထူးတိုးနှောင့်နှေးခြင်းတို့ကြောင့် အလုပ်ထွက်သည့် သူနာပြုဦးရေ မြင့်တက်လျက်ရှိဟုဆို


လုပ်ငန်းပမာဏများခြင်း၊ လစာနည်းပါးခြင်း၊ ခွဲခြားဖိနှိပ်ခံရခြင်း၊ ပညာရေး အခွင့်အလမ်းနှင့် ရာထူးတိုးနှောင့်နှေးခြင်းတို့ကြောင့် လစဉ်လုပ်ငန်းခွင်မှထွက်သည့် သူနာပြုဦးရေ မြင့်တက်လျက်ရှိကြောင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက မေ ၃၀ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၃၆ ရက်မြောက်နေ့) တွင် ပြောကြားသည်။

ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြလှစံက “ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေသော သူနာပြုနှင့် အကူသူနာပြုများကို အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်ကောင်းမွန်အောင် နိုင်ငံတကာ အဆင့်မီသင်တန်းကျောင်းများနှင့် စွမ်းဆောင်ရည်မြှင့် သင်တန်းများကို ဖွင့်လှစ်ဖော်ဆောင်ပေးရန်နှင့် အကူသူနာပြုများအား လိုင်စင်ရသင်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ” မေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင် ၀န်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“သူနာပြုအင်အားလွန်စွာ နည်းပါးသည့်အပြင် တာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းပမာဏများလွန်းခြင်း၊ လစာနှုန်းထား လွန်စွာနည်းပါးခြင်း၊ အခွင့်အရေးရရှိမှု တန်းတူညီမျှမဖြစ်ခြင်း၊ ခွဲခြားဖိနှိပ်ဆက်ဆံခံရခြင်း၊ ပညာရေးအခွင့်အလမ်း၊ ရာထူးတိုးတက်ရေး အခွင့်အလမ်းများ နှောင့်နှေးခြင်းတို့ကြောင့် လစဉ်လုပ်ငန်းခွင်မှ ထွက်ခွာသူဦးရေ မြင့်တက်လျက်ရှိပါတယ်” ဟု ၀န်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။

ထို့ပြင်ဆေးရုံ၊ ဆေးခန်းများ သူနာပြုနှင့် လူနာအချိုးမှာ သိသာစွာကွာဟလျက်ရှိသဖြင့် ၀န်ထမ်းသူနာပြုများအဖို့ မနိုင်ဝန်ထမ်းနေရသကဲ့သို့ ဖြစ်နေကြောင်း ၀န်ကြီးက ဆက်လက်ပြောကြားသည်။

အစိုးရဆေးရုံ၊ ဆေးခန်းများ၌ သူနာပြုဦးရေ ၃၅,၃၂၁ ဦးရှိသော်လည်း လက်ရှိတွင်၂၀,၀၂၂ သာ တာဝန်ထမ်းဆောင်လျက်ရှိသဖြင့် သူနာပြုဦးရေ ၁၅,၂၉၉ ကျော်ခန့် လိုအပ်လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးတွင် ပျမ်းမျှအင်အား ၅၀ ရာခိုင်နှုန်းကျော်ဖြင့်သာ အစွမ်းကုန် ကြိုးစားဆောင်ရွက်နေကြောင်း၊ အစိုးရဆေးရုံများတွင် သူနာပြု လိုအပ်ချက်အရ အချို့သားဖွားသင်တန်းကျောင်းများတွင်ပါ သူနာပြုဒီပလိုမာများကို မွေးထုတ်ရန် စီစဉ်ထားသဖြင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှစ၍ သူနာပြုဦးရေ ၄,၀၀၀ ခန့်တက်ရောက် ခွင့်ပြုမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံရှိ သူနာပြုတက္ကသိုလ် နှစ်ခုနှင့် သူနာပြုသင်တန်းကျောင်း ၂၅ ကျောင်းတို့မှ နှစ်စဉ်သူနာပြု (ဘွဲ့ရ+ဒီပလိုမာ) ၂,၀၀၀ ခန့် မွေးထုတ်ပေးလျက်ရှိကြောင်းနှင့် ၂၀၁၇ ခုနှစ်အထိ သူနာပြုသိပ္ပံဘွဲ့ရ ၄,၀၀၀ ကျော် နှင့် ၁၉၆၂ ခုနှစ်မှ ၂၀၁၈ စက်တင်ဘာအထိ သူနာပြုဒီပလိုမာဦးရေ ၃၀,၀၀၀ ကျော်ကို မွေးထုတ်ခဲ့ပြီးဖြစ်ကြောင်း ၀န်ကြီးက ဆက်လက်ပြောကြားသည်။

၂၀၁၇ ခုနှစ်တွင် ဗဟိုအဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်ကုသရေး ဦးစီးဌာနလက်အောက်ရှိ ဆေးရုံကြီးများတွင် လစ်လပ်လျက်ရှိသော အကူသူနာပြုရာထူး ၁,၀၈၄ နေရာတွင် အကူသူနာပြု (ပြင်ပ) ကိုးလသင်တန်း အောင်မြင်သူများအား ခန့်ထားခဲ့ကြောင်း၊ လုပ်ငန်းခွင် ၀င်ရောက်သည့်သူနာပြုများကိုသာ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီမှ လိုင်စင်ထုတ်ပေးလျက်ရှိသော်လည်း အကူသူနာပြုများကိုမူ ကျွမ်းကျင်ပညာရှင်များ မဟုတ်သဖြင့် အသိအမှတ်ပြုလိုင်စင် ပြုလုပ်ပေးရန် အစီအစဉ်မရှိကြောင်း ပြောကြားခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standard Authority-NSSA) အောက်ရှိ ကျန်းမာရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု စံသတ်မှတ်ရေးကော်မတီမှ ပုဂ္ဂလိကသူနာပြုအကူ သင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်လျက်ရှိသည်ကို သိရှိရကြောင်း ၀န်ကြီးက ပြောကြားသည်။

ပြည့်ဖြိုးအောင်၊ ဆန်းထူးအောင်
Eleven Media Group

0 comments:

Post a Comment