Wednesday, May 30, 2018

သူနာပြုဦးရေ တစ်သောင်းခွဲကျော် လိုအပ်နေပြီး တစ်နိုင်ငံလုံးတွင် သူနာပြုငါးဆယ်ရာခိုင်နှုန်းကျော်ဖြင့်သာ အစွမ်းကုန်ကြိုးစားဆောင်ရွက်နေဟု လူမှုရေးဝန်ကြီးပြော


အစိုးရဆေးရုံ၊ဆေးခန်းများတွင် သူနာပြုဦးရေ တစ်သောင်းခွဲကျော် လိုအပ်နေပြီး တစ်နိုင်ငံလုံးတွင် သူနာပြု ဦးရေ ငါးဆယ်ရာခိုင်နှုန်းကျော်ဖြင့်သာ အစွမ်းကုန်ကြိုးစား ဆောင်ရွက် နေရ ဟု လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း က ပြောကြားလိုက်သည်။

မေလ ၃၀ ရက်က ကျင်းပပြုလုပ်သည့်  ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ဒုတိယအကြိမ် ဆဋ္ဌမပုံမှန်အစည်းအဝေး (၃၆)ရက်မြောက်နေ့၌ ကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြလှစံ က  ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေသော သူနာပြုနှင့် အကူသူနာပြုများကို အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်ကောင်းမွန်အောင် နိုင်ငံတကာ အဆင့်မီ သင်တန်းကျောင်းများနှင့် စွမ်းဆောင်ရည်မြှင့် သင်တန်းများကို ဖွင့်လှစ် ဖော်ဆောင်ပေးရန်နှင့် အကူသူနာပြုများအား လိုင်စင်ရသင်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်း နှင့်ပတ်သက်ပြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုအခါ သူနာပြုခွင့်ပြုဦးရေ သုံးသောင်းကျော် ရှိသော်လည်း လက်ရှိတွင် နှစ်သောင်းကျော်သာ တာဝန်ထမ်းဆောင်လျက်ရှိပါသဖြင့် သူနာပြုဦးရေ တစ်သောင်းခွဲကျော်ခန့် လိုအပ်လျက်ရှိနေပါကြောင်း၊ တစ်နိုင်ငံလုံးတွင် ပျမ်းမျှအင်အား ၅ဝရာခိုင်နှုန်း ကျော်ဖြင့်သာ အစွမ်းကုန်ကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း၊ သူနာပြုအင်အား လွန်စွာ နည်းပါးသည့်အပြင် တာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းပမာဏ များလွန်းခြင်း၊ လစာနှုန်းထားလွန်စွာ နည်းပါးခြင်း၊ အခွင့်အရေး ရရှိမှု တန်းတူညီမျှမဖြစ်ခြင်း၊ ခွဲခြားဖိနှိပ် ဆက်ဆံခံရခြင်း၊ ပညာရေးအခွင့်အလမ်း၊ ရာထူးတိုးတက်ရေး အခွင့်အလမ်းများ နှောင့်နှေးခြင်း တို့ကြောင့် လစဉ် လုပ်ငန်းခွင်မှ ထွက်ခွာသူ ဦးရေ မြင့်တက်လျက်ရှိကြောင်း ၂၀၁၇ ခုနှစ်တွင် ဗဟိုအဆင့် ဆေးရုံကြီးများ၊ တိုင်းဒေသကြီး၊ပြည်နယ် ကုသရေးဦးစီးဌာန လက်အောက်ရှိ ဆေးရုံကြီးများတွင် လစ်လပ်လျက် ရှိသော အကူသူနာပြုရာထူး (၁၀၈၄)နေရာတွင် အကူသူနာပြု(ပြင်ပ) (၉)လ သင်တန်း အောင်မြင်သူများအား ခန့်ထားခဲ့ကြောင်း ၀န်ကြီးက ဆက်လက်ပြောသည်။

" လုပ်ငန်းခွင်ဝင်ရောက်တဲ့ သူနာပြုများကိုသာ မြန်မာနိုင်ငံ သူနာပြုနဲ့ သားဖွားကောင်စီ ကနေ  လိုင်စင်ထုတ်ပေးလျက် ရှိပါတယ်။  အကူသူနာပြုများကိုမူ ကျွမ်းကျင်ပညာရှင်များ မဟုတ်သဖြင့် အသိအမှတ်ပြု လိုင်စင် ပြုလုပ်ပေးရန် အစီအစဉ် မရှိပါဘူး၊  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန တို့ က ပူးပေါင်းပြီး  မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှုစံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standard Authority- NSSA) အောက်မှာရှိ တဲ့ ကျန်းမာရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု စံသတ်မှတ်ရေး ကော်မတီကနေ  ပုဂ္ဂလိက သူနာပြုအကူသင်တန်းကျောင်းများကို  စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်" ဟု ဝန်ကြီးက ဖြေကြားခဲ့သည်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် သူနာပြုများအတွက် သူနာပြုတက္ကသိုလ်(၂)ခုနှင့် သူနာပြုသင်တန်းကျောင်း (၂၅)ကျောင်းတို့မှ နှစ်စဉ် သူနာပြု(ဘွဲ့ရ+ဒီပလိုမာ) (၂ဝဝဝ)ခန့် မွေးထုတ်ပေးလျက်ရှိကြောင်း၊ ၂၀၁၇ ခုနှစ်အထိ သူနာပြုသိပ္ပံဘွဲ့ရ လေးထောင်ကျော်နှင့် ၁၉၆၂ ခုနှစ်မှ ၂၀၁၈ စက်တင်ဘာလအထိ သူနာပြုဒီပလိုမာဦးရေ သုံးသောင်းကျော် ကို မွေးထုတ်ခဲ့ကြောင်း၊ အစိုးရဆေးရုံများတွင် သူနာပြုလိုအပ်ချက်အရ အချို့သားဖွားသင်တန်းကျောင်း များတွင်ပါ သူနာပြုဒီပလိုမာများကို မွေးထုတ်ရန် အစီအစဉ်ရှိပြီး ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ စ၍ သူနာပြုဦးရေ (၄ဝဝဝ)ခန့် ကို တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment