Monday, May 28, 2018

အစိုးရ၏ အခွန်အကောက်နှုန်းထား များပြားဟု စစ်တမ်းဆို


အစိုးရ၏ အခွန်အကောက်နှုန်းထားများသည် ကောက်သင့်သည့် နှုန်းထားများထက် ပိုမိုများပြားလျက်ရှိကြောင်း ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်ပေါင်း ၁၄၀၀ ကျော်ကို ကောက်ယူထားသည့် “Myanmar Business Sentiment Survey” စစ်တမ်းတွင် ဖော်ပြထားသည်။

မေလ ၂၆ ရက်နေ့က ကုန်သည် စက်မှုအသင်းချုပ်တွင်ပြုလုပ်သည့် B4B Insights Forum တွင် ကုန်သည်စက်မှုအသင်းချုပ်၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် MMRD Co.,Ltd. တို့ ပူးပေါင်းကောက်ယူထားသည့် “Myanmar Business Sentiment Survey”ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး စစ်တမ်းတွေ့ရှိချက်များမှာ ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်ပေါင်း ၁၄၀၀ ကျော်၏ ဖြေဆိုချက်များကို အခြေခံ၍ တွက်ချက်ထားခြင်းဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။ 

အခွန်အကောက်နှုန်းထားများမှာ ကောက်သင့်သည့် နှုန်းထားများထက် ပိုမိုများပြားလျက်ရှိပြီး စစ်တမ်းမေးခွန်းများကိုဖြေဆိုသည့် စီးပွားရေးလုပ်ငန်းရှင် ၂၂ ရာခိုင်နှုန်းမှာ အစိုးရ၏အခွန်စနစ်ကို အပြည့်အဝနားမလည်ဟု ဖြေဆိုခဲ့ကြကြောင်း၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများသည် ၂၀၁၆ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၂၀၁၈ ခုနှစ်တွင် ပိုမိုကျဆင်းလာပြီး နောင် ၁၂ လတာ ကာလအတွင်း လုပ်ငန်းများတိုးတက်မှုအပေါ် လုပ်ငန်းရှင်များ၏ ယုံကြည်မှုမှာလည်း ပိုမိုကျဆင်းလာကြောင်း စစ်တမ်းအရသိရသည်။ 

၎င်းတို့၏ လုပ်ငန်းတိုးတက်မှုအပေါ် ယုံကြည်ချက်ကျဆင်းရခြင်း၏ အကြောင်းအရင်းများသည် အခွန်အကောက်နှုန်းထားများမှာ ဖြစ်သင့်သည့် နှုန်းထားထက် များပြားနေခြင်း၊ ပြည်ပမှ တရားမဝင် ဝင်ရောက်လာသည့် ကုန်ပစ္စည်းများကို ယှဉ်ပြိုင်နိုင်စွမ်း မရှိခြင်းတို့ဖြစ်ကြောင်း စစ်တမ်းတွင် ပါရှိသည်။ 

“အခွန်အကောက် များနေတယ်။ စားသောက်ကုန် ဈေးနှုန်းတွေ ၇ ရာခိုင်နှုန်းလောက် တက်နေတယ်။ လူတွေရဲ့ ဝယ်လိုအားကျပြီး ငွေအကြွေရှားတာကြောင့် ကုန်ဈေးနှုန်းကြီးမြင့်နေတယ်။ ပြီးတော့ လက်လီဆိုင်တွေရဲ့ရောင်းအားကျပြီး လုပ်ငန်းလည်ပတ်မှုအတွက် ကုန်ကျစရိတ်ကြီးမြင့်မှုက အဓိကစိန်ခေါ်မှုဖြစ်နေပါတယ်”ဟု City Mart Holding Co., Ltd.rS CEOဒေါ်ဝင်းဝင်းတင့်က B4B Insights Forum တွင် ပြောဆိုသည်။ 

ယခုစစ်တမ်းကို ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ် ဧပြီလအထိ မေးခွန်းပေါင်း ၁၉ ခု နှင့် လုပ်ငန်းပေါင်း ၁၄၆၄ ခုကို သွားရောက်တွေ့ဆုံ မေးမြန်းထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ လက်ရှိအခြေအနေကို ဆန်းစစ်လေ့လာထားခြင်းဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။ 

“ကျွန်တော့်အမြင်ကတော့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ စီးပွားရေးအကြံပေး ပရော်ဖက်ဆာ ရှောင်တာနယ်ရဲ့ အပြောနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေအရ NLD အစိုးရအနေနဲ့ မြန်မာ့စီးပွားရေးအပေါ်မှာ အကောင်းမြင်နေပြီး နောင် ၂ နှစ်၊ သုံးနှစ်ကျော်အထိ ဒီအတိုင်း ဆက်သွားမယ်လို့ သုံးသပ်တယ်”ဟု စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက သုံးသပ်ပြောကြားသည်။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ စီးပွားရေးအကြံပေး ပရော်ဖက်ဆာ ရှောင်တာနယ်ပြုလုပ်သည့် Myanmar’s Economy: Progress, Challenges and Prospects ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ GDP သည် ၂၀၁၇ ခုနှစ်တွင် ၆ ဒသမ ၄ ရာခိုင်နှုန်းမှ ၂၀၁၈ ခုနှစ်တွင် ၇ ဒသမ ၂ ရာခိုင်နှုန်းအထိ တက်လာပြီး လိုငွေပြမှုမှာလည်း ယခင် ၅ ရာခိုင်နှုန်းမှ ၂ ဒသမ ၇ ရာခိုင်နှုန်းအထိ လျှော့ချနိုင်သည်ဟုဆိုကြောင်း၊ ယခုစစ်တမ်းအရ ရှောင်တာနယ်၏ အမြင်နှင့် လက်တွေ့လုပ်ကိုင်နေသူများ၏ အသံများမှာ ဆန့်ကျင်ဘက်ဖြစ်ပေါ်လျက်ရှိကြောင်း လုပ်ငန်းရှင်များက ဆိုသည်။ 

The Voice

0 comments:

Post a Comment