Wednesday, May 30, 2018

မုန်တိုင်းတိုက်ခတ်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသကြီးရှိ ဒေသအချို့တွင် လူသေဆုံး ပျက်စီးဆုံးရှုံးမှုများရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲခဲ့ကြောင်း သိရ



မုန်တိုင်းတိုက်ခတ်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသကြီးရှိ နယ်ဒေသအချို့တွင် လူသေဆုံး ပျက်စီးဆုံးရှုံးမှုရှိခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး ယာယီပြတ်တောက်ခဲ့ကြောင်း သိရသည်။

မုံရွာ – ယာကြီးလမ်းမကြီးပေါ်ရှိ တရော်ကျင်းချောင်းရေကျမှုကြောင့် ခရီးသွားများ စောင့်ဆိုင်းသွားလာနေကြရ

မုံရွာ-ယာကြီးလမ်းမကြီးပေါ်ရှိ တရော်ကျင်းချောင်းရေကျမှုကြောင့် ဒေသခံခရီးသွားများ စောင့်ဆိုင်း၍ သွားလာနေကြရကြောင်း သိရသည်။ မေ ၂၉ ရက် ညပိုင်းမှ စတင်၍ မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှု များပြားလာကာ ချောင်းရေကျလာခြင်းဖြစ်ပြီး အဆိုပါ ချောင်းရေကျသည်ကို စောင့်ဆိုင်းသွားလာနေကြရသည်။

“တရော်ကျင်းရွာဘေးကချောင်း၊ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်ကြား တရော်ကျင်းချောင်း၊ မုံရွာ-ယာကြီးလမ်းပေါ် မိုးရွာတိုင်းအထက်က ကျလေပိုလာလေပေါ့။ အထက်ဆိုတာက အလောင်းတော်ကဿပနဲ့ ပုံတောင် ပုံညာဘက်။ အခုတော့ လူစီးကားတွေရော လူမှုရေးယာဉ်တွေရော အကုန်ပိတ်နေတယ်။ မနက်အစောကြီးကတည်းက သွားမရသေးတာ။ မိုးကမပြတ်တော့ ညကတည်းက ချောင်းရေ ကျနေတာထင်တယ်။ တရော်ကျင်းကရွာခံတွေက ဆိုင်ကယ်တစ်စီး ကျပ် ၂၀၀၀ ဆိုပြီး ကူးနေတာ။ သူတို့က ကူးနေကြဆိုတော့ မျောကူးနေတာ။ ချောင်းရေက အခုမှ တစ်တောင်လောက်ကျသွားတာ။ အရင်တုန်းက ကမ်းလုံးပြည့်ပေါ့။ ကားသမားတွေဆိုရင်လည်း ဒိုင်နာကြီးတွေကို မဖြတ်ရဲဘူးတဲ့။ အခုဟာက မုန်တိုင်းဆိုတော့ မိုးကကြာမှာထင်တယ်။ အထက်ကညို့လာရင်ကို ချောင်းကကျတာ ဖြစ်နေတာ” ဟု ချောင်းမကျေးရွာမှ ကိုဝင်းအောင်က ပြောကြားသည်။

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဖောင်းပြင်-ပင်လည်ဘူး လမ်းပိုင်းအချို့ သွားလာရခက်ခဲ

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဖောင်ပြင်-ပင်လည်ဘူး လမ်းပိုင်းအချို့ သွားလာရခက်ခဲနေကြောင်း၊ ဖောင်းပြင်မြို့နယ်နှင့် ပင်လည်ဘူးမြို့နယ်အကြားရှိ မှန်တောင်နှင့် အရိုးတောင် လမ်းပိုင်းတစ်လျှောက်တွင် ကားများသွားလာရခက်ခဲပြီး ခရီးသည်များ လမ်းလျှောက်ခဲ့ရကြောင်း ခရီးသည်တစ်ဦးက ပြောကြားသည်။

ထိုလမ်းပြုပြင်ထိန်းသိမ်းခြင်းကို ၂၀၁၇ ခုနှစ် မတ် ၃၁ ရက်တွင် စတင်လုပ်ဆောင်ခဲ့ပြီး အမာခံကျောက်ခင်း လမ်းခင်းခြင်းလုပ်ငန်းအား ဇွန်ဒုတိယအပတ်တွင်လည်းကောင်း၊ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဇွန်တတိယအပတ်တွင်လည်းကောင်း လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်သွားရမည်ဖြစ်ပြီး ဇွန်လအတွင်း သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြီးစီးရန် သတ်မှတ်ခဲ့သော်လည်း မိုးများပြီး ရာသီဥတု ဆိုးဝါးမှုကြောင့် လုပ်ငန်းများ နှောင့်နှေးကြန့်ကြာခဲ့ပြီး သတ်မှတ်ချိန်ထက် နောက်ကျမှ ပြီးဆုံးခဲ့ကြောင်းနှင့် စံချိန်စံနှုန်းနှင့် မပြည့်မီသော လမ်းပိုင်းများကို စစ်ဆေး တွေ့ရှိသဖြင့် ဖယ်ရှားကာ အသစ်ပြန်လည်ခင်းစေခဲ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် ဖောင်းပြင်-ယားပင်လမ်းပေါ်ရှိ သစ်သားတံတား ပြိုကျပျက်စီးခဲ့ကြောင်း၊ မေ ၂၉ ရက်က ဖောင်းပြင်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် မေ ၃၀ ရက် နံနက် ၃ နာရီခန့်တွင် တံတားထိပ်နှစ်ဖက် ကမ်းပါးမြေသားများ တောင်ကျရေတိုက်စားခံရပြီး ပြိုကျခဲ့ကာ တံတားပျက်စီးခဲ့ပြီး ယားပင်ကျေးရွာနှင့် အနီးရှိကျေးရွာမှလူများ ဖောင်းပြင်မြို့သို့ သွားလာရာ၌ လတ်တလောတွင် ရှော်လပန်ခေါ် စက်တပ်လှေငယ်ကို အသုံးပြု၍ သွားလာနေရကြောင်း သိရသည်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် မကွေးနှင့် ရေနံချောင်းမြို့နယ်အတွင်း နေအိမ်နှင့် သစ်ပင်ကြီးများ ပြိုလဲ

မေ ၂၉ ရက်က ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ရာမှ တိုက်ခတ်ခဲ့သည့်မုန်တိုင်းနှင့် မိုးများကြောင့် မကွေးနှင့် ရေနံချောင်းမြို့နယ်များအတွင်း နေအိမ်နှင့် သစ်ပင်ကြီးများ ပြိုလဲမှုများရှိခဲ့ပြီး မကွေးတိုင်းဒေသကြီးအတွင်း မိုးဦးသီးနှံ မစိုက်ပျိုးရသေးသည့် တောင်သူများအားလုံး စိုက်ပျိုးရေးလုပ်ငန်းများ စတင်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး မြို့နယ်အများစုတွင် မေ ၂၈ ရက်မှစတင်၍ မိုးများရွာသွန်းခဲ့ကြောင်း၊ မေ ၂၉ ရက် ည ၈ နာရီခန့်မှစ၍ လေပြင်းများ တိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့များကြောင့် အများပြည်သူတို့ ထိတ်လန့်မှုများ ရှိခဲ့သော်လည်း မကွေးမြို့ပေါ်တွင် ထိခိုက်ပျက်စီးမှု အနည်းငယ်သာ ရှိခဲ့ကြောင်း၊ မကွေးမြို့နယ်အတွင်း ကျေးရွာများတွင် လူနေအိမ်များ အမိုးလန်ပြီး သစ်ပင်ကြီးများ ပြိုလဲခဲ့ကြောင်း၊ ရေနံချောင်းမြို့ပေါ်နှင့် မြို့နယ်အတွင်း ကျေးရွာများတွင် လူနေအိမ်ပျက်စီးမှုနှင့် သစ်ပင်ကြီးများ ပြိုလဲခဲ့ကြောင်း၊ မုန်တိုင်းကြောင့် မကွေး၊ မင်းဘူး (စကု)၊ ရေနံချောင်း၊ ဂွေးချို၊ ချောက်တို့တွင် လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း သိရသည်။

ပခုက္ကူခရိုင်တွင်း ဒေသများတွင် မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းခဲ့သည့်အတွက် ချောင်းရေများ ကျဆင်းလာပြီး ယာဉ်သွားလာမှု အနည်းငယ် ခက်ခဲမှုရှိခဲ့

ပခုက္ကူခရိုင်တွင်း ဒေသများတွင် မေ ၃၀ ရက် နံနက်ပိုင်းက မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းခဲ့သည့်အတွက် ချောင်းများတွင် ချောင်းရေများ ကျဆင်းလာပြီး ယာဉ်သွားလာမှု အနည်းငယ် ခက်ခဲမှုရှိသော်လည်း လူထိခိုက်မှုမရှိကြောင်း သိရသည်။

မုန်တိုင်းငယ်ဖြတ်သန်းမှုကြောင့် ပခုက္ကူခရိုင်တွင်း မြို့နယ်များတွင် မေ ၃၀ ရက် နံနက် ၁ နာရီခန့်မှစ၍ နံနက် ၇ နာရီခန့်ထိ မိုးရွာသွန်းခဲ့ပြီး လေတိုက်နှုန်းနည်းပါးခဲ့သည့်အတွက် ထိခိုက်ပျက်စီးမှု နည်းပါးခဲ့ကြောင်း၊ မိုးရွာသွန်းမှုကြောင့်ချောင်းများတွင် တောင်ကျရေများ ကျဆင်းလာသည့်အတွက် ခရီးသွားများမှာ ချောင်းရေနည်းပါးချိန်ထိ နှစ်နာရီခန့် စောင့်ဆိုင်းဖြတ်ကူးခဲ့ရပြီး ရေကျော်လမ်းအချို့ အနည်းငယ်ပျက်စီးသည်မှလွဲ၍ ကြီးမားသည့် ပျက်စီးမှုမရှိကြောင်း သိရသည်။

ကုန်းတွင်းမုန်တိုင်းငယ်မှာ ပခုက္ကူမြို့၏ အနောက်ဖက် မိုင် ၃၀ ခန့်အကွာမှ ဖြတ်ကျော်သွားရာ မုန်တိုင်းဖြတ်ကျော်စဉ်အတွင်း ၇ နာရီခန့် မိုးဆက်တိုက်ရွာသွန်းခဲ့ပြီး မေ ၂၉ ရက် ၁၂ နာရီမှ မေ ၃၀ ရက် နံနက် ၉ နာရီထိ ပခုက္ကူမြို့ မိုးလေ၀သနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာ၏ တိုင်းထွာချက်အရ မိုးရေချိန် ၃ ဒသမ ၇၈ လက်မရှိကြောင်း သိရသည်။




သန်းလှိုင်၊ အောင်သူထွန်း၊ မဖေငြိမ်း၊ အောင်သူငြိမ်း၊ သက်ထိန်ဝင်း၊ ကောင်းခန့်လင်း
Eleven Media Group

0 comments:

Post a Comment