Thursday, May 31, 2018

တာဝန်မယူ၊ အလုပ်မဖြစ်ဘဲ နေရာယူထားသူများကို အမြန်ဆုံး လူစားလဲရမည်ဖြစ်ပြီး လူစားဝင်နိုင်ရန် လူငယ်များ ကျား/မ မရွေး အသင့်ရှိနေကြရန်လိုကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြောကြား


တာဝန်မယူ၊ အလုပ်မဖြစ်ဘဲ နေရာယူထားသူများကို အမြန်ဆုံး လူစားလဲရမည်ဖြစ်ပြီး လူစားဝင်နိုင်ရန် လူငယ်များ ကျား/မ မရွေး အသင့်ရှိနေကြရန်လိုကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြောကြားသည်။

“တာဝန်မယူ၊ အလုပ်မဖြစ်ဘဲ နေရာယူထားသူများကို အမြန်ဆုံးလူစားလဲပေးရမှာ ဖြစ်ပါတယ်။ အလားတူစေတနာရှိ၊ အရည်အသွေး၊ အရည်အချင်းရှိသော်လည်း အသက်အရွယ်အရ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့တဲ့ လူကြီးများနေရာမှာ လူစားဝင်နိုင်ဖို့လည်း လူသစ်တွေ၊ လူငယ်တွေ ကျား/မ မရွေး အမြဲအသင့်ရှိနေကြဖို့ လိုပါတယ်” ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားသည်။

နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် မေ ၃၀ ရက်က ကျင်းပသော လူငယ်ညီလာခံ ၂၀၁၈ တွင် အမှာစကားပြောကြားရာ၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မျိုးဆက်သစ်လူငယ်များကို လက်ဆင့်ကမ်း တာဝန်ပေးရန် အရေးအကြီးဆုံးဖြစ်ပြီး မဖြစ်မနေ အကောင်အထည် ဖော်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားသည်။

“ညီလာခံကျင်းပရတဲ့ ရည်ရွယ်ချက် ခုနစ်ချက် ရှိပါတယ်။ ဒီအထဲမှာ နံပါတ်(၁)နေရာမှာ သတ်မှတ်ထားတာ၊ အရေးကြီးဆုံးလို့လည်း ပြောလို့ရပါတယ်။ မျိုးဆက်သစ်လူငယ်များကို လက်ဆင့်ကမ်း တာဝန်ပေးအပ်သွားဖို့ ဖြစ်ပါတယ်။ အရေးကြီးဆုံးဖြစ်တဲ့အတွက် မဖြစ်မနေ အကောင်အထည်ဖော်ရမှာဖြစ်သလို အဲဒီရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား နားလည်သဘောပေါက်ထားကြဖို့လည်း လိုအပ်မှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီတွင် တာဝန်ယူမှု၊ တာဝန်ခံမှုသည် အရေးကြီးကြောင်း၊ တာဝန်ယူတတ်သူ၊ တာဝန်ကျေသူ၊ တာဝန်ခံတတ်သူအတွက် ထိုက်တန်သည့်နေရာကို ရမည်ဖြစ်ကြောင်း၊ တာဝန်မယူ၊ တာဝန်မခံဘဲ နေရာရထားပါကလည်း အသက်ကြီးသူ၊ ၀ါရင့်သူ ဖြစ်သော်လည်း နေရာမမြဲနိုင်ကြောင်း၊ နေရာဆိုသည်မှာ အခြေခံအဖွဲ့ခေါင်းဆောင်၊ စည်းမှူး၊ စည်းဥက္ကဋ္ဌမှ မြို့နယ်ခရိုင်၊ ပြည်နယ်နှင့် တိုင်း၊ ဗဟိုအဆင့်အမှုဆောင်များနှင့်ဥက္ကဋ္ဌများအထိ အကျုံးဝင်သည့်ခေါင်းဆောင်ကို ဆိုလိုကြောင်း၊ ငယ်ရွယ်သော်လည်း မဟုတ်သည့်ကိစ္စများတွင် အချိန်ကုန်ပြီး နိုင်ငံနဲ့ လူမျိုးအတွက် အားမကိုးရသောသူများကို နေရာပေးမည်မဟုတ်ကြောင်း ပါတီဥက္ကဋ္ဌဦးသန်းဌေးက ပြောကြားသည်။

နိုင်ငံ၏ အနာဂတ်ကို ပုံဖော်ဖန်တီးကြမည့် လူငယ်များအတွက် အခြေခံအကျဆုံး မရှိမဖြစ် လိုအပ်ချက်မှာ နိုင်ငံချစ်စိတ်နှင့် လူမျိုးကို ချစ်စိတ်ဖြစ်ကြောင်း၊ ပြည်ထောင်စု၏ မည်သည့်နေရာတွင်နေသည်ဖြစ်စေ အပြန်အလှန် ချစ်ခင်လေးစားပြီး ပြည်ထောင်စုသားတစ်ဦး၏ အကျိုးစီးပွားကို အထိမခံ၊ ပြည်ထောင်စုနယ်မြေ တစ်လက်မမျှ အဆုံးရှုံးမခံဘူးဆိုသည့် မျိုးချစ်စိတ်ဓာတ်ဖြစ်ကြောင်း ဦးသန်းဌေးက ပြောကြားသည်။

လက်ရှိနိုင်ငံအခြေအနေမှာ တောင်သူများ၊ အလုပ်သမားများမှ လုပ်ငန်းရှင်ကြီးများအထိ ကျပ်တည်းမှုများ ရင်ဆိုင်နေရပြီး မရေရာသည့်အနာဂတ်ကို စောင့်မျှော်နေရကြောင်း၊ မိမိတို့ပါတီဝင်များအနေဖြင့် တိုင်းပြည်စီးပွားရေးနှင့် ဖွံ့ဖြိုးရေးကို လက်တွေ့တည်ဆောက်နိုင်ခဲ့ကြသူများပီပီ ယင်းအတွေ့အကြုံနှင့် စေတနာများ၊ လုပ်အားများကို နိုင်ငံနှင့် နိုင်ငံသားများအတွက် ဆက်လက်ပေးဆပ်ရဦးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ လူငယ်ညီလာခံတွင် နိုင်ငံရေး မျိုးဆက်သစ်၊ လူငယ်စွမ်းအား မြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ ၂၀၂၀ အောင်နိုင်ရေးနှင့် လူငယ်များအခန်းကဏ္ဍစသည့် ကဏ္ဍအသီးသီးအား ပြည်နယ်နှင့်တိုင်းဒေသကြီး လူငယ်ကိုယ်စားလှယ်များမှ အစုအဖွဲ့များခွဲကာ ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

နေရိုင်း၊ ကျော်မျိုး
Eleven Media Group

0 comments:

Post a Comment