Monday, May 28, 2018

အစိုးရသက်တမ်း ၂ နှစ်အတွင်း တိုင်ကြားခံရသည့် NLD ကိုယ်စားလှယ် ၄၀ ကျော်ကို အရေးယူ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ အစိုးရသက်တမ်းအတွင်း ပါတီသို့ တိုင်ကြားခံရသည့် လွှတ်တော်ကိုယ်စားလှယ်အယောက် ၄၀ ကျော်ကို ပါတီစည်းကမ်းများဖြင့် အရေးယူခဲ့ကြောင်း အဆိုပါ ပါတီထံမှသိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားရေးဌာနထံ ကိုယ်စားလှယ် အယောက် ၃၅၀ ကျော်ထိ တိုင်ကြားခံခဲ့ရပြီး ယင်းတိုင်ကြားစာများကို စစ်ဆေးပြီးနောက် အယောက် ၄၀ ကျော်ကို ပါတီစည်းကမ်းများဖြင့် အရေးယူခဲ့ပြီးဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ပါတီက လွှတ်တော်ကိုယ်စားလှယ်များအတွက်သာ စည်းကမ်းပိုင်းအရ အရေးယူရန် တိုင်ကြားစာဌာနကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဆက်လက်စစ်ဆေးရန် အယောက်သုံးဆယ်ခန့် ကျန်ရှိနေသေးပြီး အဆိုပါ တိုင်ကြားစာများကို ပါတီက ဆက်လက်စစ်ဆေးကာ လိုအပ်ပါက အရေးယူမည်ဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

အဆိုပါ တိုင်ကြားမှု ၃၅၀ ကျော်တွင် ပါတီဝင်အချင်းချင်း တိုင်ကြားမှုက အများဆုံးဖြစ်ပြီး မြို့နယ်ပါတီဝင်များနှင့် ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များအကြား ပါတီကိစ္စရပ်များနှင့် အငြင်းပွား တိုင်ကြားမှုများက အများဆုံးဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အလုပ်အမှုဆောင်အဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ်ကြား ပူးပေါင်းဆောင်ရွက်မှု မလုပ်တာ။ ပါတီကလုပ်တဲ့ အခမ်းအနားတွေ အစည်းအဝေးတွေ မတက်ရောက်တာ။ နောက်ပြီးတော့ အရက်သေစာ သောက်စားတာတွေကို တိုင်ကြားတာတွေ အများဆုံးပါပါတယ်”ဟု ၎င်းက ဆိုသည်။

ထို့ပြင် တိုင်ကြားမှုများတွင် အဂတိလိုက်စားမှု ကြီးကြီးမားမား မတွေ့ခဲ့သော်လည်း ငွေကြေးကို ယာယီလွှဲပြောင်း လက်ခံမှုအချို့ကိုတော့ တွေ့ရှိခဲ့ရပြီး အဆိုပါပြစ်မှုကိုလည်း အရေးယူခဲ့ကြောင်း ၎င်းက ဆိုသည်။

တိုင်ကြားခံရသည့် လွှတ်တော်ကိုယ်စားလှယ်များတွင် ပြစ်မှုထင်ရှားခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် လေးဆယ်ကျော်ကို ပါတီတာဝန်မှ အနားပေးခြင်း၊ လွှတ်တော်တွင် ယူထားသည့် ကော်မတီတာဝန်များမှ အနားပေးခြင်းနှင့် ပါတီမှ တရားဝင် ထုတ်ပယ်ခြင်းများဖြင့် အရေးယူကြောင်း ယင်းပါတီထံမှသိရသည်။

လာမည့် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လည်း NLD ပါတီက လစ်လပ်မဲ ဆန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ပါတီတာဝန်ရှိသူများက ထုတ်ပြောထားပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်းကို ပါတီအလုပ်အမှုဆောင်အဖွဲ့က ရွေးချယ်သွားမည်ဖြစ်ကြောင်း အဆိုပါ ပါတီထံမှသိရသည်။ 

The Voice

0 comments:

Post a Comment