Tuesday, May 29, 2018

ပြည်နယ်နှင့်တိုင်းအစိုးရများ အခြေခံဥပဒေနှင့်အညီ လိုက်နာရန် သမ္မတရုံး ညွန်ကြား


ပြည်နယ်နဲ့တိုင်းအစိုးရတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်ကြဖို့ နိုင်ငံတော်သမ္မတရုံးက မေ ၂၉ နေ့စွဲနဲ့  ညွန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးတွေဟာ သက်ဆိုင်ရာ ၀န်ကြီးချုပ်နဲ့ နိုင်ငံတော်သမ္မတကို အဆင့်ဆင့်တာဝန်ခံကြရတာဖြစ်လို့ လုပ်ငန်းတွေဆောင်ရွက်ရာမှာ မိမိတာဝန်ခံရတဲ့ ၀န်ကြီးချုပ်ထံ အသိပေးတင်ပြပြီး သဘောတူညီချက်၊ အတည်ပြုချက်ရယူ ဆောင်ရွက်ရမယ်လို့  နိုင်ငံတော်သမ္မတရုံး အမြဲတမ်းအတွင်းဝန် ဦးခင်လတ် လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့ ညွန်ကြားချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေဟာ ပြည်ထောင်စုအစိုးရက ချမှတ်ထားတဲ့ မူဝါဒတွေနဲ့  ပြည်ထောင်စုဥပဒေတွေနဲ့ မဆန့်ကျင်စေဘဲ ဆောင်ရွက်ရမယ်လို့ လည်း ညွန်ကြားထားပါတယ်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့် ရာထူးတာဝန်စတင်ယူပြီး နှစ်လလောက် အကြာမှာ ခုလို သမ္မတရုံးက ထုတ်ပြန်လိုက်တာဖြစ်ပြီး  ဘယ်တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့က ဘယ်ဝန်ကြီးတွေက ဥပဒေတွေ မူဝါဒတွေနဲ့ မညီပဲ ဆောင်ရွက်နေတယ်ဆိုတာကိုတော့ အသေး စိတ်ဖော်ပြထားတာမရှိပါဘူး။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ (ဌ) ပုဒ်မခွဲငယ် (၁)မှာ ”တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်သည်နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်”၊ ပုဒ်မခွဲငယ် (၂)မှာ ”တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အား လည်းကောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတအား လည်းကောင်း တာဝန်ခံရမည်” လို့ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅ဝမှာ  ”တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ကူညီရန်တာဝန်ရှိသည်”၊ ပုဒ်မ ၂၅၉မှာ  ”တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက အခါအားလျော်စွာ ပေးအပ်လာသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်” လို့လည်း ပြဋ္ဌာန်းပါတယ်။

DVB



0 comments:

Post a Comment