Monday, May 28, 2018

တောင်ပြိုနယ်စပ်ခြံစည်းရိုးပြင်ပတွင် တရားမ၀င်တဲထိုးနေထိုင်နေကြသည့် ဘင်္ဂါလီစခန်းသို့ ဂျပန်သံအမတ်ကြီး ဦးဆောင်သောအဖွဲ့ သွားရောက်တွေ့ဆုံ


တောင်ပြိုနယ်စပ်ခြံစည်းရိုးပြင်ပတွင် တရားမ၀င်တဲထိုးနေထိုင်နေကြသည့် ဘင်္ဂါလီစခန်းသို့ ဂျပန်သံအမတ်ကြီး H.E Mr. Ichiro MARUYAMA  ဦးဆောင်သော အဖွဲ့သည် မေ ၂၈ ရက် နံနက်ပိုင်းက သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဂျပန်သံအမတ်ကြီး H.E Mr. Ichiro MARUYAMA ဦးဆောင်သောအဖွဲ့သည် မေ ၂၈ ရက်နံနက် ၉ နာရီကျော်တွင် တောင်ပြိုလက်ဝဲမြို့သို့ ရဟတ်ယာဉ်ဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံနယ်စပ်ခြံစည်းရိုး အပြင်ပတွင် တရားမ၀င်တဲထိုးနေထိုင်နေကြသည့် ဘင်္ဂါလီယာယီစခန်းသို့ မော်တော်ယာဉ်များဖြင့် သွားရောက်ကာ နာရီဝက်ခန့် တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။ တွေ့ဆုံချိန်တွင် ဘင်္ဂါလီများက နိုင်ငံသားအဖြစ် သတ်မှတ်ပေးရန်နှင့် ARSA အဖွဲ့နှင့် ပတ်သက်မှုမရှိဟု ပြောဆိုခဲ့ကြောင်း သိရသည်။

၎င်းယာယီစခန်းတွင် နေထိုင်သည့် တောင်ပြိုလက်ယာကျေးရွာအုပ်စု (ယခင် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း) နိုရိုလ်ဟောက်က NVC မလိုကြောင်း၊ မိမိနေရပ်တွင် ပြန်နေလိုကြောင်း၊ ၁၀ တန်းအောင်ပြီးသူများ တက္ကသိုလ်ဆက်တက်ခွင့်နှင့် တစ်နိုင်ငံလုံးသို့ သွားလိုကြောင်း ပြောဆိုခဲ့ကြောင်း သိရသည်။

ဂျပန်သံအမတ်ကြီး H.E Mr. Ichiro MARUYAMA သည် နယ်စပ်ခြံစည်းရိုး အပြင်ဘက်တွင် တဲထိုးနေထိုင်နေသည့် ဘင်္ဂါလီစခန်းအား တောင်ကုန်းပေါ်တက်ကာ အပေါ်စီးမှကြည့်ရှုခဲ့ကြောင်း သိရသည်။

ခြံစည်းရိုးအပြင်ဘက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီး လူမနေထိုင်ရန် သတ်မှတ်ထားသည့်နေရာတွင် တဲအိမ်များ ခြံစည်းရိုးနားအထိ တိုးချဲ့တည်ဆောက်လာနေပြီး လူဦးရေတိုးပွားလာကြောင်း သိရသည်။

အဆိုပါ နေရာ၌ မေ ၆ ရက်မှ မေ ၈ ရက်အထိ ယာယီတဲအသစ်ရှစ်လုံး ဆောက်လုပ်ထားသည်ကို တွေ့ရကြောင်း သိရသည်။ ထို့အပြင် အဆိုပါနေရာတွင် ARSA အကြမ်းဖက်အဖွဲ့များမှ ရောနှောဝင်ရောက်လာကြောင်း သိရသည်။

နှစ်နိုင်ငံနယ်စပ်မျဉ်းအနီး နေထိုင်ခွင့် မရှိသောနေရာတွင် လူဦးရေ၊ အိမ်ထောင်စုများ တရားမ၀င်တိုးပွားလာမှုကို သတင်းဖလှယ်မှုမရှိခြင်းသည် နှစ်နိုင်ငံအကြား ချုပ်ဆိုထားသော နယ်နိမိတ်စာချုပ်ပါ သတ်မှတ်ချက်များကို ချိုးဖောက်ရာရောက်သဖြင့် မြန်မာနိုင်ငံဘက်မှ တရားဝင် ကန့်ကွက်ကြောင်း မေ ၁၆ ရက် မွန်းလွဲပိုင်းတွင် မြန်မာဘက်ခြမ်း (တောင်ပြို-၀ဲဝင်ထွက်) တံတားအနီးရှိ ရှင်းလင်းဆောင်၌ ကျင်းပခဲ့သည့် မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှူးက ပြောကြားသည်။

ဂျပန်သံအမတ်ကြီး H.E Mr. Ichiro MARUYAMAဦးဆောင်သောအဖွဲ့သည် နံနက် ၉ နာရီ ၄၇ မိနစ်တွင် နယ်စပ်ခြံစည်းရိုးမှ ပြန်လည်ထွက်ခွာပြီး တောင်ပြိုလက်ဝဲမြို့မှ နံနက် ၁၀ နာရီကျော်တွင် ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးဦးစိုးအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr. Ichiro MARUYAMA တို့ ဦးဆောင်သောအဖွဲ့သည် မေ ၂၇ ရက်ကစစ်တွေမြို့သို့ ရောက်ရှိပြီး စစ်တွေမြို့နယ် သက္ကယ်ပြင် IDP  စခန်း၊ ခေါင်းဒုတ်ကာ IDP စခန်း၊ ဘောဒူဖ IDP စခန်းများသို့ သွားရောက်ပြီး IDP စခန်းများ ဖျက်သိမ်းရေးနှင့် ပြန်လည်နေရာချထားရေး၊ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စခန်းတာဝန်ခံများ၊ နေထိုင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အလားတူကျောက်တော်မြို့နယ် နိဒင် IDP စခန်းသို့သွားရောက်ပြီး IDP စခန်း ဖျက်သိမ်းကာ ကျေးရွာနှင့် တစ်ဆက်တစ်စပ်တည်း ပြန်လည်နေရာချထားရန် ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သားရွှေဦး (ကစ္ဆပ)
Eleven Media Group

0 comments:

Post a Comment