Monday, May 28, 2018

အစိုးရဌာနများ၌ ဟက်ကာများကို အွန်လိုင်းလုံခြုံရေး ဝန်ထမ်းအဖြစ် ခန့်ရန်လိုဟုဆို

အင်တာနက်အသုံးပြုမှု မြင့်တက်လာရာ အစိုးရရုံးဌာနများ၌ အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက် ပေးပို့ခြင်းများ ပြုလုပ်နေသည့်အတွက် ဌာနဆိုင်ရာနှင့် အွန်လိုင်းသုံးရသည့် လုပ်ငန်းများတွင် ဟက်ကာများ (Hackers) ကို အွန်လိုင်း လုံခြုံရေး ဝန်ထမ်းခန့်ထားရန် လိုအပ်နေပြီဖြစ်ကြောင်း ကရင်ပြည်နယ် ကွန်ပျူတာ ပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးဖြိုးဝေဆက်က ပြောကြားသည်။

လက်ရှိအချိန်တွင် အစိုးရရုံးဌာနများအနေနှင့် အင်တာနက်နှင့် အွန်လိုင်း နည်းပညာများကို အသုံးပြုပြီး ဆက်သွယ် ဆောင်ရွက်မှုများ ရှိသော်လည်း နည်းပညာဆိုင်ရာ အသိပညာများ နည်းပါးနေသည့်အတွက် တိုက်ခိုက်သူမရှိလျှင် ပြဿနာ မရှိသော်လည်း တိုက်ခိုက်သူ ရှိလာပါက စီမံခန့်ခွဲမှုဆိုင်ရာ ရှုပ်ထွေးသည့် ပြဿနာများရှိလာနိုင်ကြောင်း ၎င်းကဆိုသည်။

“ဟက်ကာဆိုတာနဲ့ လူတွေက သူခိုးလို့ပဲ မြင်တတ်ကြတယ်။ ဒါပေမဲ့ ကျင့်ဝတ်စောင့်ထိန်းတဲ့ ဟက်ကာ (White Hacker) ဆိုတာလည်းရှိတယ်။ အဲဒါမျိုးကို များများ မွေးထုတ်နိုင်ပြီး Cyber Security Officer အဖြစ် ခန့်ထားသင့်တယ်။ သူခိုး ဘယ်ကဝင်နိုင်တယ်ဆိုတာ ကြိုတင်ခန့်မှန်းနိုင်ဖို့ သူခိုးအမြင်နဲ့ကြည့်ပြီး ပြင်ဆင်သင့်တာတွေ ပြင်ဆင်ရမယ်လေ၊ Cyber လုံခြုံရေးက မမြင်နိုင်တဲ့ ကွန်ရက်ဖြစ်လို့ သာမန်ခြံဝင်းတစ်ခုလို ဘယ်မှာပေါက်ပြဲနေလဲဆိုတာ အလွယ်တကူ မသိနိုင်ဘူး”ဟု ဟက်ကာတစ်ဦးလည်းဖြစ်သူ ဦးဖြိုး ဝေဆက်က ပြောဆိုသည်။

“အွန်လိုင်းသုံးတဲ့လူတိုင်း နည်းပညာကိုတော့ နည်းနည်းလေး လေ့လာသင့်တယ်ထင်တယ်၊ ခုဆိုရင် ဘဏ်တွေကလည်း ငွေပေးငွေယူကိစ္စတွေကို အွန်လိုင်းကနေ ဝန်ဆောင်မှု ပေးနေပြီဆိုတော့လေ”ဟု ဘားအံမြို့ဒေသခံ ဦးကျော်စွာက ပြောဆိုသည်။

Defenses and Hacking Methods for Cyber Security ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို မေလ ၂၇ ရက်နေ့က ဘားအံမြို့ Community Centre တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဇွန်လ ပထမပတ်အတွင်း Hacking and Defenses နှင့်ပတ်သက်သည့် ၂ လတာသင်တန်းတစ်ခုကို ပြုလုပ်နိုင်ရန်အတွက် ပြည်နယ်အစိုးရထံ ခွင့်ပြုချက် တောင်းခံထားကြောင်း အဆိုပါအသင်းထံမှ သိရသည်။

The Voice


0 comments:

Post a Comment