Monday, May 28, 2018

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ် ပြောင်းလဲကာ ယနေ့ ညနေတွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးမှ တစ်နာရီ မိုင် ၄၀ ခန့်ဖြင့် ဖြတ်သန်းမည်


ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ် ပြောင်းလဲကာ ယနေ့( မေ ၂၉ ရက်) ညနေတွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးမှ တစ်နာရီ မိုင် ၄၀ ခန့် ဖြင့် ဖြတ်သန်းမည် ဖြစ်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

“ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းရှိ လေဖိအားနည်းရပ်ဝန်းဟာ အရှေ့မြောက်ဘက်သို့ ရွေ့လျားလာရင်း ပိုမိုအားကောင်းလာကာ (၂၉-၅-၂၀၁၈) ရက် အင်္ဂါနေ့ နံနက် အစောပိုင်းတွင် မုန်တိုင်းငယ် တစ်ခုအဖြစ်သို့ ရောက်ရှိလာနိုင်ပါတယ်။ မုန်တိုင်းငယ်ဟာ မြောက်အရှေ့ယွန်းယွန်းသို့ ရွေ့လျားလာနိုင်ပြီး (၂၉-၅-၂၀၁၈) ရက် ညနေပိုင်းတွင် ရခိုင်ပြည်နယ် အလယ်ပိုင်းကမ်းခြေကို ကျောက်ဖြူမြို့အနီးမှ ဖြတ်ကျော်ကာ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားပျော့သွားနိုင်ပါတယ်။ မုန်တိုင်းဗဟိုချက်အနီး အများဆုံး လေတိုက်နှုန်းမှာ တစ်နာရီ (၄၀-၄၅)မိုင် နှုန်းခန့်နဲ့ တစ်ခါတစ်ရံ လေပြင်း (လေပုန်း) တစ်နာရီ မိုင် ၅၀-၅၅ အထိ တိုက်ခတ်နိုင်ပါတယ်” ဟု ဦးထွန်းလွင်က ရေးသားထားသည်။

အလားတူ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း ယခုဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းမှာ နောက် ၁၈ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ ပြောင်းလဲမည် ဖြစ်ကြောင်း၊ မေ ၂၈ရက် ညပိုင်းတွင် ရခိုင်ကမ်းရိုးတန်းဒေသများ၌ တစ်နာရီ ၂၅ မိုင်နှင့်အထက် လေတိုက်ခတ်မှုများ ရှိခဲ့ပြီး မိုးသက်လေပြင်းများကျစဉ် တစ်နာရီ မိုင် ၄၀ နှင့်အထက် ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။

“ရခိုင်က နေ့ခင်းပိုင်းလောက်က သူတို့ဆီဝင်မယ် မထင်ထားဘူး။ အခုညဆိုရင် တစ်နာရီ ၂၅ မိုင်လောက် တိုက်လာပြီပေါ့။ ဒီတော့ ဒီကာလတွေမှာတော့ ကမ်းရိုးတန်းနဲ့ ပင်လယ်ပြင်မှာ သွားလာနေတဲ့ သူတွေအနေနဲ့ ခဏတော့ ရှောင်နေသင့်တယ်ပေါ့။ ပင်လယ်ထဲ ရောက်နေတယ်ဆိုလည်း ဘေးလွတ်တဲ့ ကျွန်းတွေမှာ ရှောင်နေသင့်တယ်။ မိုးကြီးမယ်ဆိုတော့ မြေပြိုတာတို့၊ ရုတ်တရက် ရေမြင့်တက်တာတို့ ဖြစ်နိုင်တော့ ကမ်းနံဘေးမှာ နေတဲ့သူတွေ သတိပြုသင့်တယ်” ဟု မိုးလေ၀သ နှင့် ဇလဗေဒညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ပြောကြားသည်။

အလားတူ ဘင်္ဂလားပင်လယ်အော်အတွင်းမှ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ ရခိုင်ပြည်နယ် အလယ်ပိုင်းသို့ ဖြတ်ကျော် ၀င်ရောက်မည် ဖြစ်သောကြောင့် ကျောက်ဖြူခရိုင် မာန်အောင်မြို့နယ်၌ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဦးဆောင်ကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ မာန်အောင်မြို့ပေါ် ရပ်ကွက်များ၌ မုန်တိုင်းသတိပေးချက်များ လှည့်လည် ကြေညာလျက်ရှိကြောင်း ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မေ ၂၈ ရက် ညပိုင်းတွင် ပိုမို အားကောင်းလာခဲ့သည့် လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်တို့တွင် လာမည့် သုံးရက်အတွင်း မိုးကြီးနိုင်ပြီး လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်သင့်ပြီး ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုသင့်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မေ ၂၈ ရက် မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

မေ ၂၇ ရက်နှင့် ၂၈ ရက်များတွင် လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် ရန်ကုန်မြို့၌ နှစ်ရက်ဆက် မိုးကြီးခဲ့သည်။

အလားတူ ပုသိမ်မြို့တွင် မေ ၂၈ ရက် ည ၉ နာရီခန့်မှ စတင်၍ နှစ်နာရီခန့်အကြာမျှ လေပြင်းများ တိုက်ခတ်ခဲ့ပြီး ပုသိမ်မြို့ နေရာအနှံ့အပြားတွင် သစ်ပင်ကြီးများ ပြိုလဲခဲ့သဖြင့် သွားလာရေးခက်ခဲမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် လေပြင်း တိုက်ခတ်မှုကြောင့် ဓာတ်တိုင်များလည်း ပြိုလဲခဲ့ပြီး ပုသိမ်တစ်မြို့လုံး လျှပ်စစ်မီးများ ပြတ်တောက်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ပုသိမ်မြို့ပေါ်ရှိ လူမှုရေးအဖွဲအစည်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ ရှင်းလင်းရေးများ လုပ်ဆောင်နေရကြောင်း သိရသည်။


နေ၀န်းထက်၊ မင်းသူဝင်းထွဋ်
Eleven Media Group


0 comments:

Post a Comment