Wednesday, May 30, 2018

ထိန်းချုပ်ဆေးဝါးများ ထုတ်လုပ်၊ တင်သွင်း၊ သိုလှောင်ဖြန့်ဖြူးရောင်းချခြင်း၊ ဆေးညွှန်းစာနှင့် မှတ်တမ်းမှတ်ရာ အစီရင်ခံစာများကို စိစစ်ကြပ်မတ်ရန် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီသို့ တာဝန်ပေးအပ်


ထိန်းချုပ်ဆေးဝါးများ ထုတ်လုပ်၊ တင်သွင်း၊ သိုလှောင်ဖြန့်ဖြူးရောင်းချခြင်း၊ ဆေးညွှန်းစာများနှင့် မှတ်တမ်းမှတ်ရာ အစီရင်ခံစာများကို စိစစ်ကြပ်မတ်ရန်ဗဟို၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီများသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တာဝန်ပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိအဆိုပါ ကော်မတီနှင့် ဆေးဝါး အကြံပေးကော်မတီများ၏ ဖွဲ့စည်းပုံ၊ အဖွဲ့ဝင် အမျိုးအစား၊ လုပ်ငန်းနှင့် တာဝန်ဝတ္တရားများကို ပြန်လည်သုံးသပ်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းထားကြောင်း၊ မူးယစ်ဆေးဝါး အန္တရာယ်နှင့် ပြဿနာသည် အမျိုးသားအဆင့် အရေးပေါ် ပြဿနာကြီးတစ်ရပ်ဖြစ်ပြီး တစ်ဖက်တွင်လည်း ကင်ဆာရောဂါလူနာများအတွက် နာကျင်မှုဝေဒနာသက်သာစေရန်နှင့် အခြားကျန်းမာရေးဆိုင်ရာ ကုသရေးလုပ်ငန်းများတွင် ထိန်းချုပ်ဆေးဝါးများကို ရရှိသုံးစွဲနိုင်ရေးနှင့် နိုင်ငံအတွက် နှစ်စဉ်လိုအပ်သော ထိန်းချုပ်ဆေးဝါးပမာဏ တွက်ချက်သတ်မှတ်ရာတွင် ရသင့်သည့်လူနာများကို ထောက်ပံ့ပေးနိုင်ရေးနှင့် စနစ်တကျ ထိန်းချုပ်ရေးသည် အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းခဲ့သည်။

ပြီးခဲ့သည့် မတ်လအတွင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ရွှေပြည့်စုံဈေးရှိ ဆေးဝါးသိုလှောင်ရုံနှစ်ရုံမှ တရားမ၀င် တင်သွင်းလာပြီး မြန်မာနိုင်ငံတွင် ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော အရည်အသွေး အာမခံချက်မရှိသည့် ဆေးဝါးများ (လိုင်းဆေး)များ၊ အထူးထိန်းချုပ်ဆေးဝါးများ သိမ်းဆည်းရမိ၍ ဆေးဆိုင်ပိုင်ရှင်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ အမျိုးသားဆေးဝါးဥပဒေများဖြင့် တရားစွဲဆို အရေးယူထားကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

သတင်းပေးချက်အရ မတ် ၂၉ ရက်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရန်ကုန်ရုံးခွဲ၊ ရန်ကုန်အရှေ့ပိုင်းခရိုင် မူးယစ်အထူးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်များဖြစ်သည့် အထွေထွေအုပ်ချုပ်ရေး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအဖွဲ့များနှင့်အတူ ဆေးဝါးလက်ကား ရောင်းချလျက်ရှိသော ရွှေပြည့်စုံဈေးရှိ ဆေးဆိုင်များနှင့် ဆေးသိုလှောင်ရုံများကို ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့ကြောင်းနှင့် ဆေးဆိုင်အချို့ရှိ ဆေးသိုလှောင်ရုံများတွင် တရားမ၀င် တင်သွင်းလာပြီး မြန်မာနိုင်ငံတွင် ဆေးဝါးမှတ်ပုံတင်ထားခြင်း မရှိသော အရည်အသွေး အာမခံချက်မရှိသည့် ဆေးဝါးများ၊ အထူးထိန်းချုပ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်လေးခရိုင်ရှိ လက်လီလက်ကား ဆေးအရောင်းဆိုင်များရှိ ဆေးဝါးများ၏ အရည်အသွေး အာနိသင်နှင့် ပတ်သက်၍ ဓာတ်ခွဲစမ်းသပ်စစ်ဆေးရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဈေးကွက်နမူနာ ကောက်ယူနေပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့် ဆေးဆိုင်များကို အမျိုးသားဆေးဝါးဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းနှင့် ဖေဖော်ဝါရီလ ပထမပတ်အတွင်းက မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေမင်္ဂလာဈေး၊ ရွှေပြည့်စုံဈေး၊ မင်္ဂလာမွန်ဈေးရှိ ဆေးဝါးလက်လီလက်ကား အရောင်းဆိုင်များတွင် လိုင်းဆေး၊ သက်တမ်းလွန်ဆေးဝါးများ သိုလှောင်ရောင်းချမှု မရှိစေရေးနှင့် ဆေးလက်ကားရောင်းချခွင့် လိုင်စင်လျှောက်ထားရန် အသိပေးထားကြောင်း မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

အိသဉ္ဇာကျော်
Eleven Media Group

0 comments:

Post a Comment